ဟင်္သာတမြို့နယ်တွင် အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)စတင်ထိုးနှံပေး

ဟင်္သာတ စက်တင်ဘာလ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် အနာဂတ်မျိုးဆက်သစ်ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန် ကျောင်းအခြေပြု အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ် မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) စတင်ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းဆေးထိုးစုရပ်များတွင် စတင်ထိုးနှံပေးကြောင်း သိရသည်။

ထိုသို့ထိုးနှံပေးရာတွင် ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာနေလင်း ဦးဆောင်၍ ကျန်းမာရေးအဖွဲ့(၅၉)ဖွဲ့က မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၉၃)ကျောင်းရှိ ဆေးထိုးစုရပ်တို့တွင် စတင်ထိုးနှံပေးလျက်ရှိရာ အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ်မကျော်သော ကျောင်းအခြေပြုထိုးနှံသူ ကျောင်းသူဦးရေ (၁၉၇၆)ဦးရှိကြောင်းနှင့် ကာကွယ်ဆေးထိုးစုရပ်များတွင် ရပ်/ကျေးအုပ်ချုပ်ရေးမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သက်ဆိုင်ရာကျောင်းများမှ ဆရာ/ဆရာမများပူးပေါင်းပြီး ကာကွယ်ဆေးထိုးစုရပ်များတွင် ကာကွယ်ဆေးထိုးနှံပြီးပါက ဘေးထွက်ဆိုးကျိုးလက္ခဏာများ မဖြစ်စေရန် စောင့်ကြပ်ကြည့်ရှုပေးခဲ့ကြသည်။

ဟင်္သာတမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ဆေးထိုးစုရပ်များတွင် စနစ်တကျကာကွယ်ဆေးထိုးနှံပေးနိုင်ရေးနှင့် မြို့နယ်အတွင်း အသက်(၉)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသူများအား သားအိမ်ခေါင်း ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းအား ကျောင်းအခြေပြုထိုးနှံပေးရာ၌ စက်တင်ဘာလ(၁၈)ရက်နေ့မှ ၂၇ ရက်အထိ သတ်မှတ်ကာလအတွင်း အပြီးထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

ခရိုင် (ပြန်/ဆက်)