ပန်းတောင်း စက်တင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ လူငယ်များဗလငါးတန်နှင့် ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ နှုတ်စွမ်းရည်တိုးတက်စေရန် လူငယ်များအချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စဉ်းစားတွေးခေါ်မှု စွမ်းရည်များ ရင့်သန်လာစေရန်နှင့် ကိုယ့်ကျင့်တရားကောင်းမွန်သည့် လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက အ.ထ.က(ခွဲ) ဒန့်ဒလွန်ကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးက Moderator အဖြစ်ဆောင်ရွက်ကာ Grade- 11 နှင့် Grade-10 ကျောင်းသား/သူ(၄)ဦးက ဆွေးနွေးခဲ့ရာ G-11 ကျောင်းသား မောင်ရဲထွဋ်ဝင်းက “လူငယ်နှင့်အခွင့်အလမ်း” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ G-11 ကျောင်းသား မောင်ဟိန့်ခန့်အောင်က “လူငယ်နှင့်ဇွဲ” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးပေးခဲ့သည်။
ဆက်လက်၍ G-10 ကျောင်းသူ မခင်သီရိလှိုင်က “လူငယ်နှင့်လူမှုရေး” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ G-10 ကျောင်သူ မဖြူနှင်းဝေက “လူငယ်နှင့်အထက်တန်းစားစိတ်ဓာတ်” ခေါင်းစဉ်ဖြင့်လည်းကောင်း အောင်မြင်ထွန်းတောက်သော လူငယ်များဖြစ်ရန် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများမှ ဆွေးနွေးမှုများအပေါ် တဖန်သိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြောင်းသိရသည်။
ထို့နောက် အခမ်းအနားကို ရုတ်သိမ်းကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်နှင့် အပြည်ပြည်ဆိုင်ရာ မူယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များအား ကျောင်းသား/ ကျောင်းသူလေးများက ကြည်ရှုခဲ့ကြကြောင်း သိရသည်။
R-408(ပန်းတောင်း)