ပုသိမ် စက်တင်ဘာ ၁၉
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် မြန်မာနိုင်ငံစာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသော စာပေနှင့်သတင်းမီဒီယာဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုသိမ်ခရိုင်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)၊ အတွင်းရေးမှူးဦးအောင်ပြည့်စုံ၊ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ဦး၊ ကောင်စီဝင် ဦးနေလင်း(မောင်ချိုဝေ)တို့က သတင်းမီဒီယာကောင်စီ၏ရပ်တည်မှု၊ သတင်းသမားများကို အကာအကွယ်ပေးနေမှု၊ သတင်းတုသတင်းမှားများ ပပျောက်စေရေးတို့ကို ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ ရိုက်နှိပ်ထားသည့် သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေနှင့် ကျင့်ဝတ်စာအုပ်များကို ဒေသခံသတင်းမီဒီယာသမားများအား ပေးအပ်လှူဒါန်းခဲ့သည်။
အခမ်းအနားသို့ တိုင်းဒေသကြီးစာကြည့်တိုက်ဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စာရေးဆရာအသင်းဝင်များ၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်းဝင်များ၊ အထူးဟစ်တိုင်သတင်းဌာနမှ မီဒီယာသမားများ၊ ဒေသခံသတင်းမီဒီယာသမားများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
မြင့်ဟန် (ပြန်/ဆက်)