ဟင်္သာတမြို့နယ်တွင် လူငယ်များ ဗလငါးတန်ပြည့်စုံစေရန် လူငယ်စကားဝိုင်း ကျင်းပ

ဟင်္သာတ စက်တင်ဘာ ၁၈

လူငယ်များ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ လူအများရှေ့တွင် ရဲဝင့်စွာ စကားပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဋ္ဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဟင်္သာခန်းမတွင် ယနေ့နံနက် (၉)နာရီခွဲတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ပေးရခြင်း ရည်ရွယ်ချက်များနှင့်စပ်လျဥ်း၍ "ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသည့် စကားအတိုင်း နိုင်ငံရဲ့အနာဂတ်ကို ပခုံးပြောင်း တာဝန်ထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေနဲ့ ဗလငါးတန်ပြည့်စုံပြီး အသိပညာ ဗဟုသုတတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည် ထက်မြတ်စေရန်၊ လူအများရှေ့တွင် ရဲဝင့်စွာစကားပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာ ဗဟုသုတများရရှိ၍ အပြန်အလှန်ဆွေးနွေးကြရာမှ အတွေ့အကြုံသစ်များရရှိစေပြီး လူငယ်များအချင်းချင်းကြားတွင် ချစ်ကြည်ရင်းနှီးမှုရရှိစေကြောင်း၊ နောင်တစ်ချိန်တွင် တိုင်းပြည်တာဝန် ထမ်းဆောင်သည့်အခါ မိမိဒေသ၊ မိမိနိုင်ငံကို ချစ်ခင်မြတ်နိုး တန်ဖိုးထား၍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း" ပြောကြားပါသည်။ ထို့နောက် ခရိုင်ပညာရေးမှူး ဦးတိုးဝင်းက ပညာရေးဌာန၏ ဆောင်ရွက်နေမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများအကြောင်းကို ထပ်ဆင့်ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်ပြီး လူငယ်စကားဝိုင်းကို ဦးဆောင်ဆွေးနွေးသူအဖြစ် ခရိုင်ပြန်/ဆက်ဦးစီးမှူး ဒေါ်ခင်စန္ဒာဆွေ၊ ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဆရာကြီး ဦးသက်ဆွေနှင့် ကျောင်းသား၊ ကျောင်းသူများက "လူငယ်နှင့်စာဖတ်ခြင်း"၊ "လူငယ်နှင့်အင်တာနက်သုံးစွဲမှု"၊ "လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်"၊ "လူငယ်နှင့်ကျန်းမာရေး"၊ "လူငယ်နှင့်အားကစား" ခေါင်းစဥ်များဖြင့်အသီးသီး ဆွေးနွေးပြောကြားခဲ့သည်။ ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများ၊ ဧည့်ပရိတ်သတ်များက ဆွေးနွေးမှုများနှင့် ပတ်သတ်ပြီးသိရှိလိုသည်များကို မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်း ဦးဆောင်ဆွေးနွေးကြသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။ လူငယ်စကားဝိုင်းအပြီးတွင် ခရိုင်ပြန်/ဆက်ဦးစီးဌာနမှ ပြသထားသည့် "ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး နံရံကပ်စာစောင်များ" ကို ပြသထားရှိရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)