မင်းဘူး စက်တင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မင်းဘူးမြို့ အမှတ်(၄)နယ်မြေ အခြေခံပညာမူလတန်းလွန်ကျောင်း (မကြီးချောင်း)တို့ ပူးပေါင်းပြီး ယနေ့ခေတ် ကျောင်းသားလူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါမူလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ အခြေခံပညာမူလတန်းလွန်ကျောင်း(မကြီးချောင်း)မှ ကျောင်းအုပ်ဆရာကြီး ဦးဝင်းမောင်က အဖွင့်အမှာစကား ပြောကြားပြီး မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး လူငယ်စကားဝိုင်းများ ကျင်းပရခြင်းနှင့်ပတ်သက်၍ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းကိုကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝါဝါလှိုင်နှင့် ကျောင်းသား/ ကျောင်းသူ (၆)ဦးတို့က လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်စာဖတ်ခြင်းအကျိုးကျေးဇူး၊ လူငယ်နှင့် ယဉ်ကျေးမှုတန်ဖိုး၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်နည်းပညာ စသည့်ခေါင်းစဉ်များဖြင့် ဝိုင်းဖွဲ့ ဆွေးနွေးခဲ့ပြီးနောက် ကျောင်းသား/ကျောင်းသူလေးများ၏ သိရှိလိုသော မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ကြောင်းနှင့် အဆိုပါ လူငယ်စကားဝိုင်းသို့ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အခြေခံပညာမူလတန်းလွန်ကျောင်း (မကြီးချောင်း)မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ ၁၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)