ချောင်းဦးမြို့၌ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်

ချောင်းဦး    စက်တင်ဘာ   ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဧရိပ်မွန်(၂) အမျိုးသမီးကျောင်းတွင် ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်းသိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးထိန်လင်းမှ ကလေးဟုခေါ်သော အရွယ်သတ်မှတ်ချက်၊ အသက် ၁၄ နှစ်အောက် ကလေးငယ်များအား အလုပ်မခိုင်းစေရေး၊ ပညာသင်ကြားသည့်အရွယ်တွင်ပညာကိုသာ စိတ်ဝင်တစားသင်ကြားကြရန်၊ ကလေးငယ်များအား အလုပ်သမားအဖြစ် မခိုင်းစေရေးမိဘများအား အသိပညာပေးရန်၊ အားလပ်ချိန်များတွင်မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့ ဗဟုသုတရရန်အတွက် စာအုပ်စာပေများလာရောက် ငှားရမ်းကြရန်ဟောပြောခဲ့သည်။

ဟောပြောပွဲသို့ ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၃၀ ကျော် တက်ရောက်ခဲ့၍ ဟောပြောပွဲလာရောက်နားထောင်သည့် ကလေးငယ်များအား အချိုရည်များဖြင့် ဧည့်ခံခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အခမဲ့ထုတ်ဝေသည့် ကလေးအလုပ်သမားပပျောက်ရေး ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေးဇေယျာရွှေမြေ လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့သည်။

ဝင်းမြင့်အောင်(ပြန်/ဆက်)