ပွင့်ဖြူ စက်တင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးများကို သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားမှု ကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ်တိုက်ဖျက်နိုင်ရေးအတွက် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံပေးခြင်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့၊ အမှတ်(၂) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင်က သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံခြင်းဖြင့် အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ်မကျော်သော မိန်းကလေးငယ်များအတွက် သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားမှု ကင်းဝေးစေပြီး ကြိုတင်ကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းအတွက် များစွာ အကျိုးဖြစ်စေကြောင်း၊ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်လုံးကျွတ် ထိုးနှံနိုင်ရေးအတွက် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးစေလိုကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ပွင့်ဖြူမြို့၊ အမှတ်(၂) အခြေခံပညာမူလတန်းလွန်ကျောင်းမှ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူလေးများကို စာရင်းကောက်ယူ၍ လိုအပ်သော ကျန်းမာရေးစမ်းသပ်စစ်ဆေးမှုများ ဆောင်ရွက်ကာ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)အား စနစ်တကျ ထိုးနှံပေးခဲ့ကြရသည်။ ထို့သို့ ကာကွယ်ဆေးထိုးနှံပေးရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်စောစောထားနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကာ ကျောင်းသား၊ ကျောင်းသူများကို အာဟာရဒါနအဖြစ် နို့အေးဘူးနှင့် စားသောက်ဖွယ်ရာမုန့်များ ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးခြင်းကို ယမန်နေ့တွင် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင်၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းအဖွဲ့က အဖွဲ့များခွဲ၍ ပွင့်ဖြူမြို့ပေါ်ရှိ အမှတ်(၂)အခြေခံပညာမူလတန်းလွန်ကျောင်းအပါအဝင် အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာမူလတန်းကျောင်းများနှင့် ရှောက်တောကျေးရွာနှင့် လယ်ကိုင်းကျေးရွာရှိ အခြေခံ ပညာအထက်တန်းကျောင်းမှ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူများကို စာရင်းများ စနစ်တကျ ကောက်ယူ၍ သားအိမ်ခေါင်းကင်ဆာရောဂါ(HPV) ကြိုတင်ကာကွယ်ဆေး ကွင်းဆင်းထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )