မြိတ် စက်တင်ဘာ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်း သား/သူ လူငယ်အချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်အတွက် လူငယ်စကားဝိုင်းကို အ.ထ.က(၃)မြိတ် ပညာရတနာခန်းမတွင် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့သည်။
ကျောင်းသား/သူ လူငယ်များ စာပေဗဟုသုတများကို ဖတ်ရှုပြီးတော့ သူငယ်ချင်း အချင်းချင်းမျှဝေတတ်သည့် အလေ့အကျင့်များ၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်များရရှိစေရန်၊ ယဉ်ကျေးမှု အလေ့အထများ၊ အကျင့်စာရိတ္တကောင်းမွန်မှုများကို သိရှိစေရန်၊ အနာဂတ်သားကောင်း သမီးကောင်းများသည် အပြုသဘောဆောင်သည့် အလေ့အကျင့်များကို ပြောဆိုတတ် စေရန် ရည်ရွယ်ချက်ဖြင့် လူငယ်စကားဝိုင်း ကျင်းပခြင်းဖြစ်သည်။
စကားဝိုင်း ဆွေးနွေးပွဲကို မြို့နယ်ပညာရေးမှူး ဦးကျော်ရှိန်က အဖွင့်အမှာ စကားပြောကြား၍ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာအောင်က လူငယ်စကားဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို စတင်ခဲ့သည်။
စကားဝိုင်းဆွေးနွေးပွဲတွင် လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်ကျန်းမာရေး စသည့်ခေါင်းစဉ်များဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်ချိုချိုစန်းက Moderator ဖြင့် ဆောင်ရွက်၍ အထက်တန်း ကျောင်းသား/ သူ(၈)ဦးက ဦးဆောင်ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲအပြီးတွင် ဦးဆောင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား/သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက ဂုဏ်ပြုမှတ်တမ်း ပေးအပ်ခဲ့သည်။ စကားဝိုင်း ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါး ဆိုးကျိုးများအကြောင်း အသိပညာပေးနံရံကပ်စာစောင်ကို ပြသပေးခဲ့ရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုအား ပေးခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)