ပေါက်ခေါင်း စက်တင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်မျိုးမြတ်ဦးဆောင်၍ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများသည် ပေါက်ခေါင်းမြို့နယ်အတွင်း အခြေခံပညာကျောင်းတွင် ပညာသင်ကြားနေသည့် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူများအား ယမန်နေ့နံနက်ပိုင်းက စတင်၍သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ကို ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး(HPV) ထိုးနှံခြင်းလုပ်ငန်း၏ ရည်ရွယ်ချက်၊ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးနှင့် ကာကွယ်ဆေးထိုးခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာကို ထိရောက်စွာကာကွယ်နိုင်မှုများ၊ ရောဂါကာကွယ်ခြင်းနှင့်ကုသခြင်းများ၊ ရောဂါကာကွယ်ဆေးအကြောင်းစသည်တို့ကို ကျောင်းသူများနှင့် ကျောင်းသားမိဘများအား ဆွေးနွေးရှင်းလင်းပြောကြားပြီး ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။
အဆိုပါ သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေးကို ယမန်နေ့တွင် အ.ထ.က(ပေါက်ခေါင်း)ရှိ ပညာသင်ကြားနေသည့် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်ထက် မကျော်သော ကျောင်းသူ(၇၉)ဦးကိုထိုးနှံပေးခဲ့ပြီး၊ အခြားအခြေခံပညာကျောင်းများတွင်လည်း ကျန်းမာရေးဝန်ထမ်းဆရာမများက ထိုးနှံပေးပြီး လူမှုရေးအသင်းအဖွဲ့များက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ကာကွယ်ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာ ၁၈ ရက်နေ့မှ ၂၉ ရက်နေ့အတွင်း အပြီးထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအောင် (ပြန်/ဆက်)