ပေါင်းတည် စက်တင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ မိုးစပါးစိုက်ခင်းများအတွင်း စပါးပင်ဖျက်ရွှေခရုများ ကျရောက်မှုရှိ/မရှိကို မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ကဦးဆောင်၍ တောင်သူများနှင့်စိုက်ပျိုးရေးဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။
ယခုနှစ် စိုက်ပျိုးရာသီတွင် စိုက်ခင်းဖျက်ရွှေခရုများ စပါးစိုက်ခင်းများအတွင်း တွေ့ရှိလာကြောင်း၊စပါးပင်များကို ဖျက်ဆီးလျက်ရှိကြောင်းနှင့် ပျက်စီးဆုံးရှုံးမှုများလည်းရှိနေကြောင်းတို့ကို ဒေသတွင်းတောင်သူများထံမှ သတင်းရရှိပြီးနောက် ယခုကဲ့သို့ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်နေခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ ထိုသို့ဆောင်ရွက်ရာ၌ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့သည် စိုက်ကွင်းတာဝန်ခံကြီးကြပ်ရေးဝန်ထမ်းများနှင့် တောင်သူများအား စိုက်ခင်းများအတွင်း ရွှေခရုများရှိ/မရှိ ကွင်းဆင်းရှာဖွေကြည့်ရှုကြရန်၊ တွေ့ရှိပါက အမြန်ဆုံးအကြောင်းကြားရန်နှင့် စိုက်ပျိုးဦးစီးဌာနနှင့်ပူးပေါင်းနှိမ်နှင်းကြရန် သတိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
သူရကြီး ( ပြန်/ဆက်)