မကွေးတိုင်းဒေသကြီးအစိုးအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)စတင်ထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

မကွေး စက်တင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)စတင်ထိုးနှံခြင်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က မကွေးမြို့ မြို့တော်ခန်းမ၌ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတပ်နယ်မှူး၊ တိုင်းဒေသကြီးအခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၂၀၂၀)ခုနှစ် စာရင်းများအရ ကမ္ဘာတစ်ဝန်းလုံးတွင် သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားသူ အမျိုးသမီးလူနာအသစ်(၆၀၄,၁၂၇)ဦးရှိပြီး သားအိမ်ခေါင်းကင်ဆာရောဂါကြောင့် နှစ်စဉ်အမျိုးသမီး(၃၄၁,၈၃၁)ဦး သေဆုံးလျက်ရှိပါကြောင်း၊ ဒါ့အပြင် နှစ်စဉ်သားအိမ်ခေါင်းကင်ဆာဖြစ်ပွားနှုန်းမှာ အမျိုးသမီးဦးရေ တစ်သိန်းတွင်(၁၃.၃)ဦးရှိကြောင်းနဲ့ သေဆုံးနှုန်းမှာ(၆.၉)ရှိကြောင်း သိရှိရပြီး သားအိမ်ခေါင်းကင်ဆာရောဂါကြောင့် သေဆုံးသူများ၏ (၉၀)ရာခိုင်နှုန်းမှာ ဖွံ့ဖြိုးမှုနည်းသော နိုင်ငံများကဖြစ်တဲ့အတွက် ဖွံ့ဖြိုးမှုနည်းသောဒေသတွေမှာ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုနှုန်းနှင့် သေဆုံးမှုနှုန်းမြင့်မားတာကို တွေ့ရှိရပါကြောင်း၊ (၂၀၂၃)ခုနှစ် မတ်လတွင် WHO အဖွဲ့မှ ထုတ်ပြန်ထားသော HPV Information Centre ၏ အချက်အလက်များအရ မြန်မာနိုင်ငံတွင် သားအိမ်ခေါင်းကင်ဆာအဖြစ်များဆုံး အသက်အုပ်စုမှာ အသက်(၁၅)နှစ်မှ အသက်(၄၄)နှစ်ဖြစ်ပြီး အမျိုးသမီးလူဦးရေ တစ်သိန်းတွင် (၂၅.၃)ဦး ဖြစ်ပွားကြောင်း သိရှိရပြီး၊ ကမ္ဘာတစ်ဝန်းမှာ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ထိုးနှံထားပါက နောက်(၅)နှစ်မှ (၈)နှစ်ကြာတဲ့အခါမှာ အသက် (၁၃)နှစ်မှ အသက် (၁၉)နှစ် အတွင်းရှိတဲ့ မိန်းကလေးများမှာ ကင်ဆာဖြစ်စေတဲ့ သားအိမ်ခေါင်း ကင်ဆာဗိုင်းရပ်စ်ပိုး ကူးစက်မှုနှုန်း (၈၃) ရာခိုင်နှုန်းလျှော့ချနိုင်မှာဖြစ်ပြီး အသက်(၁၅)နှစ်မှ (၁၉)နှစ်အရွယ် မိန်းကလေးတွေမှာအဖြစ်များတဲ့ ကနဦးကင်ဆာဖြစ်ပွားမှုနှုန်းကို (၃၁)ရာခိုင်နှုန်းထိ လျှော့ချနိုင်မှာဖြစ်ပါကြောင်း၊ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံထားခြင်းဖြင့်လာမယ့် (၂၀၃၀)ခုနှစ်မှာ လူဦးရေ(၂၄) သန်းစာအတွက် ကျန်းမာရေးစောင့်ရှောက်မှုကုန်ကျစရိတ်များ လျော့ကျသွားစေမှာဖြစ်ပါကြောင်း၊ အဲဒါကြောင့် ကာကွယ်ဆေးထိုးနှံခြင်းဟာ သက်ရှည်ကျန်းမာဖို့နဲ့ ကျန်းမာရေးအဆင့်အတန်းကို မြှင့်တင်ပေးဖို့အတွက် ကုန်ကျမှုအသက်သာဆုံး နည်းလမ်းတစ်ခုဖြစ်ပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ(၁၆) ရက်နေ့ ထုတ်ပြန်ချက်အရ ကမ္ဘာ့နိုင်ငံ (၁၂၅)နိုင်ငံတွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ကို ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် မိန်းကလေးများအတွက် ထည့်သွင်းထိုးနှံခဲ့ပြီဖြစ်ပြီး (၄၇) နိုင်ငံတွင် ယောကျာ်းလေးများကိုပါ ထိုးနှံပေးနေပြီဖြစ်တယ်လို့ သိရှိရပါကြောင်း၊ ယခု မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV)ထိုးနှံရခြင်း၏ ရည်ရွယ်ချက်ကတော့ မိန်းကလေးငယ်များကို အသက်(၉)နှစ်အရွယ်တွင် ထိုးပေးခြင်းအားဖြင့် ဗိုင်းရပ်(စ်)ပိုးနှင့် စတင်ထိတွေ့ခြင်းမရှိမီအချိန်တွင် ကြိုတင်ကာကွယ်ထားနိုင်ပြီး သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ဖို့၊ သားအိမ်ခေါင်းကင်ဆာ ရောဂါကူးစက်မှုကို ကာကွယ်ဖို့နှင့် ထိန်းချုပ်နိုင်ဖို့အတွက် အသက်(၉)နှစ်မှ (၁၂)နှစ်ကြား ကျောင်းသူများနှင့် ကျောင်းပြင်ပ မိန်းကလေးငယ်အားလုံးကို ရှာဖွေထိုးနှံပေးရန်တို့ပဲ ဖြစ်ပါကြောင်း၊ ဒါကြောင့်မို့ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV)ကို မြန်မာနိုင်ငံမှာ(၂၀၂၀)ခုနှစ်၊ အောက်တိုဘာလမှစတင်၍ အသက်(၉)နှစ်နှင့် (၁၀)နှစ်ပြည့်ပြီး သောမိန်းကလေးများအားထိုးနှံပေးခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေများကြောင့် (၂၀၂၁)ခုနှစ်နှင့် (၂၀၂၂)ခုနှစ်တို့တွင် ထိုးနှံနိုင်ခြင်းမရှိခဲ့ပါဘူး။ အဲ့ဒါကြောင့် သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး မထိုးနှံခဲ့ရတဲ့ (၃)နှစ်စာမိန်းကလေးများ အားလုံးကိုစုပေါင်း၍ (၂၀၂၃)ခုနှစ်၊ စက်တင်ဘာလတွင် ကျောင်းအခြေပြုထိုးနှံခြင်းအစီအစဉ်နှင့် (၂၀၂၃)ခုနှစ်၊ အောက်တိုဘာလတွင် ပြည်သူလူထုအခြေပြု ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်ဟူ၍ အစီအစဉ်(၂)ခုခွဲ၍ ထိုးနှံပေးသွားမှာဖြစ်ပါကြောင်း၊ အမျိုးသမီးများတွင် ဖြစ်ပွားမှုအများဆုံး ကင်ဆာဖြစ်ပြီး ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါဖြစ်သည့် သားအိမ်ခေါင်းကင်ဆာရောဂါ ဖြစ်ပွားသေဆုံးမှုမှလျှော့ချနိုင်ဖို့ တစ်နိုင်ငံလုံးမှ အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ်မကျော်သော မိန်းကလေးငယ်များအားလုံး လွှမ်းခြုံမှုရရှိရန် ရည်မှန်းလူဦးရေကောက်ယူခြင်း၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ဆောင်ရွက်ခြင်း၊ သင်တန်းများပေးခြင်း၊ ကာကွယ်ဆေးများ ဖြန့်ဝေခြင်းစသည့် ပြင်ဆင်သည့် လုပ်ငန်းများအား နှီးနွယ်ဝန်ကြီးဌာနများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF)၊ Global Alliance for Vaccineand Immunization(GAVI) တို့နှင့် ပူးပေါင်းပြီး အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း  သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV)ထိုးနှံပေးခြင်းလုပ်ငန်းကို ယနေ့မှစ၍ မကွေးတိုင်းဒေသကြီးအပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆက်လက်ထိုးနှံသွားမှာဖြစ်ပါကြောင်းနှင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြမယ့် နှီးနွယ်ဝန်ကြီးဌာနများ၊ ဦးစီးဌာနများမှ တာဝန်ရှိသူများအားလုံး၊ အဖွဲ့အစည်းများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ဆက်လက်၍ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံခြင်း အထိမ်းအမှတ် video clip ပြသခဲ့ပြီး၊ အခြေခံပညာဦးစီးဌာနမှ ကျောင်းသူလေးမျာက ရှမ်းရိုးရာအကဖြင့် ကပြဖျော်ဖြေကာ၊ ကပြဖျော်ဖြေခဲ့သော ကျောင်းသူလေးများအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေချီးမြှင့်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန်းမအတွင်း အသက်(၉)နှစ်ပြည့်ပြီး(၁၂)နှစ်မကျော်သော ကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV)စတင်ထိုးနှံပေးနေမှုအား အားပေးကြည့်ရှုခဲ့ကြောင်း သိရသည်။

မောင်ညီညာ