မအူပင် စက်တင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ အောက်ထုံးကျေးရွာအုပ်စု၊ ဘားမနီးကျေးရွာတွင် ရာဇူတိုင်မြစ်ရေတိုက်စားမှုကြောင့် ယမန်နေ့နံနက်(၁၁)နာရီအချိန်က မြစ်ကမ်းပြိုကျမှုဖြစ်ပွားခဲ့ပြီး မြစ်ကမ်းပါး ပြိုကျမှုအန္တရာယ်နှင့်နီးကပ်သည့်နေအိမ် (၁၀)လုံးကြိုတင်ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။
အလားတူ ကျွဲဒုံးကျေးရွာအုပ်စု၊ ကျွဲသောင်ကျေးရွာတွင်လည်း ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပြိုကျမှုဖြစ်ပွားခဲ့ပြီး မြစ်ကမ်းပါးပြိုကျမှုအန္တရာယ်နှင့်နီးကပ်သည့်နေအိမ် (၆)လုံး ကြိုတင် ဖျက်သိမ်းခဲ့ရသည်။ ကြိုတင်ဖျက်သိမ်းခဲ့သည့်းနေအိမ်များရှိ မိသားစုဝင်များအား နီးစပ်ရာဆွေမျိုးများ နေအိမ်တွင် ခေတ္တပြောင်းရွှေ့နေထိုင်စေပြီး ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ဘေးလွတ်ရာ မြစ်ကမ်းနှင့် (၄၀၀)ပေခန့် ဝေးကွာသည့်နေရာတွင် နေအိမ်များပြန်လည် ဆောက်လုပ်နေထိုင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
မအူပင်ခရိုင် (ပြန်/ဆက်)