ဘိုကလေး စက်တင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးငယ်များအား ယမန်နေ့ နေ့လယ်(၁) နာရီမှ စတင်ကာ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV အခမဲ့စတင် ထိုးနှံဆောင်ရွက် ပေးလျက်ရှိသည်။
ထိုးနှံပေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ တာဝန်ရှိသူများမှ ကျောင်းအခြေပြု လုပ်ငန်း အဖြစ် စာသင်ကျောင်းများ အရောက် အခမဲ့လိုက်လံထိုးနှံပေးခြင်းဖြစ်ပြီး ဘိုကလေးမြို့၊ အမှတ်(၈) ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ကာကွယ်ဆေးထိုးနှံနေမှု အခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် အဖွဲ့ဝင်များ၊ ဘိုကလေး ကုတင်(၁၀၀)ပြည်သူ့ဆေးရုံအုပ် ဒေါက်တာအောင်သူထက်တို့မှ လှည့်လည်ကြည့်ရှု အားပေးကြပ်မတ်ဆောင်ရွက်ပေးခဲ့ပြီး ကာကွယ် ဆေးထိုးနှံမှု အဆင်ပြေ ချောမွေ့စေရေးအတွက် မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာ အဖွဲ့တို့မှ ပေါင်းစပ်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဘိုကလေးမြို့နယ် အနေဖြင့် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေး ငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV)ထိုးနှံနိုင်ရေးအတွက် ကျောင်း အခြေပြုနှင့် လူထုအခြေပြုလုပ်ငန်း(၂)ရပ်ဖြင့် ထိုးနှံဆောင်ရွက်ပေးသွားမည်ဖြစ်ရာ ယခုကျောင်း အခြေပြု ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းပြီးစီးချိန်၌ လူထုအခြေပြု ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)