ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၃ ခုနှစ် ကြံသီးနှံဧက လေးသောင်းကျော်စိုက်ပျိုးထားရှိ

ပေါက်ခေါင်း စက်တင်ဘာ ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်တွင် ကြံသီးနှံ(၄၀၉၉၈)ဧကကို  တောင်သူများ၏ယာမြေများတွင် စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကြံသီးနှံကို နှစ်စဉ်ဇန်နဝါရီ၊ ဖေဖော်ဝါရီလများတွင် စတင်စိုက်ပျိုးကြပြီး ဒီဇင်ဘာလတွင် ခုတ်သိမ်းရောင်းချနိုင်သည်။ ကြံစိုက်တောင်သူအများစုအနေဖြင့် ခုတ်သိမ်းပြီးကြံများကို ပေါက်ခေါင်းမြို့နယ်အင်ငါးခွသကြားစက်၊ ပြည်မြို့နယ်ရှိနဝဒေးသကြားစက်ရုံများသို့ တင်ပို့ရောင်းချ‌ကြောင်း၊ ယမန်နှစ်တွင်မူ ကြံသကာဈေးကွက်ကောင်းသဖြင့် ကြံသကာချက်ပြုလုပ်ရောင်းချသူများလည်းရှိကြောင်း၊ ကြံသကာချက်လုပ်ရောင်းချရာတွင် အကျိုးအမြတ်ပိုမိုရရှိကြောင်းတောင်သူတစ်ဦးက ပြောကြားသည်။ ပေါက်ခေါင်းမြို့နယ်တွင် ချက်ကြံရင့်(၂၀၄၉၉)ဧက၊ အခင်းသစ်(၁၆၁၄၅)ဧကနှင့် လမိုင်းခင်း(၄၃၅၄)ဧက စိုက်ပျိုးထားရှိသည်။ ကြံတစ်ဧကအထွက်နှုန်းတိုးတက်ရေးအတွက် သင့်တော်သောအချိန်နှင့် ရာသီမီစိုက်ပျိုးနိုင်ရေးနှင့် ကြံမျိုးကောင်းအထွက်ကောင်းမျိုးအသုံးပြုရေး၊ လမိုင်းခင်းများကိုလည်းသေချာစနစ်တကျပြုပြင်ထားရှိခြင်းနှင့် ကြံမျိုးကောင်းနှင့်စိုက်ပျိုးရေးဦးစီးဌာနမှ ကြံအထွက်နှုန်းတိုးတက်ရေးအတွက် စံပြစိုက်ခင်းများ၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာအချိုးကျသုံးစွဲဖို့နဲ့အပင်ကြီးထွားချိန်ပိုးမွှားကျရောက်လာပါက ကာကွယ်နှိမ်နင်းခြင်းနှင့်နည်းပညာပေး ကူညီပံ့ပိုးပေးခြင်းများကို ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အတူ ကြံသီးနှံစိုက်တောင်သူများ စိုက်ပျိုးထုတ်လုပ်မှုအဆင်ပြေစေရန်အတွက်  ပေါက်ခေါင်းမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ  ကြံသီးနှံစိုက်တောင်သူများအတွက် ကြံတစ်ဧကလျှင် ကျပ်တစ်သိန်းနှုန်း ထုတ်ချေးပေးထားကြောင်းသိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)