တောင်တွင်းကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၁၃၉)ကျောင်းမှ ကျောင်းသူ (၃၆၂၆) ဦးအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေး

တောင်တွင်းကြီး စက်တင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်ရှိ အသက်(၉)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနေဇော်အောင် ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၁၃၉)ကျောင်းမှ ကျောင်းသူ(၃၆၂၆)ဦးအား သက်မှတ်နေရာများအလိုက် တစ်ပြိုင်တည်းထိုးနှံပေးခဲ့ပြီး ကျန်ရှိနေသေးသည့် အခြေခံပညာကျောင်းများတွင်လည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်သည်။

တောင်တွင်းကြီးမြို့နယ်အတွင်းရှိ အသက်(၉)နှစ်မှ(၁၂)နှစ်အထိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို စက်တင်ဘာ ၁၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျောင်းအခြေပြုအဖြစ် အခြေခံပညာကျောင်းများမှ ကျောင်းသူများကိုလည်းကောင်း၊ အောက်တိုဘာလ ၁၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ ပြည်သူထူထုအခြေပြုအဖြစ် ရပ်ကွက်၊ ကျေးရွာများမှ အမျိုးသမီးငယ်များကိုလည်းကောင်း ထိုးနှံ့ပေးမည်ဖြစ်ကြောင်း၊ သားအိမ်ခေါင်းကင်ဆာ အားလုံးနီးပါးသည် (HPV)ပိုးကြောင့်ဖြစ်ပွားကြောင်း၊ အသက်(၉)နှစ်မှ (၁၂)နှစ်အထိ အမျိုးသမီးငယ်များအား (HPV)ကာကွယ်ဆေးထိုးနှံပေးခြင်းဖြင့် (Human Papilloma Virus) ဟုခေါ်သည့် (HPV)ပိုးကြောင့်ဖြစ်တတ်သည့် သားအိမ်ခေါင်းကင်ဆာနှင့် မျိုးပွားလမ်းကြောင်းတွင် ဖြစ်ပွားတတ်သည့် ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အောင်ကို (ပြန်/ဆက်)