လွိုင်ကော် စက်တင်ဘာ ၁၉
ကယားပြည်နယ်အတွင်း အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံခြင်း ပြည်နယ်အဆင့်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဒေသကွပ်ကဲရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံတစ်ဝန်းလုံး၌ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV)ထိုးနှံရခြင်းမှာ နိုင်ငံအတွင်းရှိ မိန်းကလေးငယ်များကို ရောဂါပိုးဝင်ရောက်မှုမှ ကြိုတင်ကာကွယ်ရန် သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန်နှင့် ထိန်းချုပ်နိုင်ရန်အတွက်ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလမှစတင်၍ အသက်(၉)နှစ်နှင့် (၁၀)နှစ်ပြည့်ပြီးသော မိန်းကလေးများကို ထိုးနှံပေးခဲ့ပြီး ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် ကျောင်းအခြေပြုထိုးနှံခြင်းနှင့် အောက်တိုဘာလတွင် ပြည်သူလူထုအခြေပြုကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်များဖြင့် ထိုးနှံပေးလျက်ရှိကြောင်း၊ ပြည်နယ်အတွင်းရှိ ကျောင်းသူများ၊ ကျောင်းပြင်ပမိန်းကလေးငယ်များအားလုံး သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံနိုင်ရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များက ဒေသခံပြည်သူများနှင့်အတူ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံခြင်း အထိမ်းအမှတ် Video Clip အားပြသခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ကျောင်းကျန်းမာရေး အသိပညာပေးဆိုင်ရာပြခန်းများ ၊ ကျောင်းသူများအား သားအိမ်ခေါင်း ကင်ဆာရောဂါကာ ကွယ်ဆေး(HPV)ထိုးနှံပေးနေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ကာကွယ်ဆေးထိုးနှံပြီးသော ကျောင်းသူများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့တွင်းလမ်းအပိုင်းများ အဆင့်မြှင့်ကတ္တရာကွန်ကရစ်လမ်းခင်းကျင်းနေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်လမ်းဦးစီးဌာန ၊ ပြည်နယ်ညွှန်ကြားရေးမှူးက ၂ဝ၂၃ - ၂ဝ၂၄ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်အတွင်းရှိ အဆင့်မြှင့်ကတ္တရာကွန်ကရစ်လမ်းဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း လမ်းတံတားများ တိုးချဲ့ဆောက်လုပ်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ပြည်နယ်(ပြန်/ဆက်)