ငါးသိုင်းချောင်း အောက်တိုဘာ ၁၉
ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ရေကြည်မြို့ရောင်စဉ်အားမာန် လူမှုကူညီရေး အသင်းမှ ဒုတိယအကြိမ် (mask) နှာခေါင်းစည်း အခုရေ (၄၀၀၀) အခမဲ့ဖြန့်ဝေ လှူဒါန်း ခြင်းကို ယမန်နေ့နံနက်ပိုင်းက ငါးသိုင်းချောင်းမြို့၊ မြို့အဝင် ကိုဗစ်-၁၉ စုပေါင်းစစ်ဆေးရေးဂိတ်နှင့် မြို့အဝင် ပုသိမ်-မုံရွာလမ်းဆုံ၌ လာရောက်ဖြန့်ဝေ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရောင်စဉ်အားမာန် လူမှုကူညီရေးအသင်းမှ ငါးသိုင်းချောင်းမြို့အဝင် ကိုဗစ်-၁၉ စုပေါင်း စစ်ဆေးရေးဂိတ်တွင် အသုံးပြုနိုင်ရန် (Surgical Mask) အခုရေ (၅၀၀) နှင့် (Hand gel) (၂)ဗူး တို့ကို ပေးအပ်လှူဒါန်းရာ စစ်ဆေးရေးဂိတ် တာဝန်ကျ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းအဖွဲ့ဝင်များက လက်ခံရယူခဲ့သည်။
ဆက်လက်၍ မြို့အဝင်စစ်ဆေးရေးဂိတ်နှင့် ငါးသိုင်းချောင်းမြို့အဝင် လမ်းဆုံနေရာတွင် ရောင်စဉ် အားမာန် လူမှုရေးအသင်းအဖွဲ့ဝင်များက လမ်းသွားလမ်းလာပြည်သူများကို (mask) နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခြင်း၊ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသော ၂၀၂၀ ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲဆိုင်ရာ မဲပေးခွင့် အခြေခံအချက်အလက်များ၊ မသန်စွမ်းသူများ ဆိုင်ရာမဲပေးခွင့် အချက်အလက်များ၊ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ဆန္ဒမဲပေးနိုင်ရေးကို မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့မှ ထပ်ဆင့်ဖော်ပြထားသော အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရေကြည်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာလအတွင်း ဒုတိယအကြိမ် (mask) နှာခေါင်းစည်း အခုရေ (၄၀၀၀) လှူဒါန်းခြင်း အစီအစဉ်ကို အောက်တိုဘာလ (၁၇)ရက်နေ့တွင် ရေကြည်မြို့၊ အောက်တိုဘာလ (၁၈) ရက်နေ့တွင် ငါးသိုင်းချောင်းမြို့နှင့် အသုတ်မြို့များတွင် ဖြန့်ဝေလှူဒါန်းပြီး မဲဆန္ဒရှင် ပြည်သူများနှင့် မသန်စွမ်း မဲဆန္ဒရှင် ပြည်သူများ၏ မဲပေးခွင့်ဆိုင်ရာ သိရှိသင့်သည့် အချက်အလက်များ ဖြန့်ဝေအသိပညာ ပေးခြင်းကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ ခွင့်ပြုချက်၊ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ချက်များဖြင့် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း ရောင်စဉ်အားမာန် လူမှုကူညီရေးအသင်း တာဝန်ရှိသူ ဦးဖြိုးဇာနည်အောင်က ပြောကြားချက်အရ သိရှိရသည်။
စိုးမင်းဦး(ပြန်/ဆက်)