အ.ထ.က(၁)ပြည်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲကျင်းပ

ပြည် စက်တင်ဘာ ၁၉

ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရန်ကုန်မြို့နန်းတော်ဝင်စာပေတိုက်တို့ပူးပေါင်းကျင်းပသော "လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ"ကို ယမန်နေ့နံနက်ပိုင်းက ပြည်မြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်သည်။

ရှေးဦးစွာ အဆိုပါကျောင်းသိရီရတနာခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပရာ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ခင်ရွှေဝါဖူးက "လူငယ်နှင့် ဘဝရည်မှန်းချက်"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး စာကြည့်တိုက်များဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌဒေါ်ခင်နှင်းဆီရွှေက "လူငယ်နှင့် စိတ်ဓာတ်မြှင့်တင်ရေး"ခေါင်းစဉ်ဖြင့်လည်းကောင်း ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောဆွေးနွေးသည်။

ယင်းနောက် ဟောပြောပွဲတက်ရောက်လာသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ရန်ကုန်မြို့နန်းတော်ဝင်စာပေတိုက်၏ စာအုပ်စာစောင်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲကို လေ့လာကြည့်ရှု အားပေးကြသည်။

ပြည်မြို့တွင် ကျောင်းနေအရွယ် လူငယ်မောင်မယ်များအား ပြင်ပဗဟုသုတစာပေများကို အလွယ်တကူဖတ်ရှုလေ့လာနိုင်ရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးရည်ရွယ်ချက်ဖြင့် အဆိုပါ"လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ"ကို အ.ထ.က(၁)နှင့် အ.ထ.က(၅)ကျောင်းတို့၌ စက်တင်ဘာ ၁၈ ရက်နေ့မှ ၂၁ ရက်နေ့အထိ လေးရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)