တောင်ငူ စက်တင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဌေးမင်းနှင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများသည် တောင်ငူမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားနေသည့် အသက် (၉)နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော ကျောင်းသူများအား ယနေ့နံနက်ပိုင်းက သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) Vaccine ကို ထိုးနှံပေးသည်။
ထိုသို့ဆောင်ရွက်ရာတွင် တောင်ငူမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာဌေးမင်းက အသက် (၉) နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်းလုပ်ငန်း၏ ရည်ရွယ်ချက်၊ လိင်ဆက်ဆံခြင်းမှ တစ်ဆင့် ကူးစက်ပြီး ဖြစ်ပေါ်နိုင်သော ရောဂါလက္ခဏာများ၊ သားအိမ်ခေါင်းကင်ဆာရောဂါ (အိတ်ချ်ပီဗီ) ကာကွယ်ဆေးနှင့် ကာကွယ်ဆေးထိုးခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာကို ထိရောက်စွာ ကာကွယ်နိုင်မှုများ၊ ရောဂါကာကွယ်ခြင်းနှင့် ကုသခြင်းများ၊ ရောဂါနှင့်ပတ်သက်သည့် အရေးကြီးသည့် သတင်းအချက်အလက်များနှင့် အိတ်ချ်ပီဗီကာကွယ်ဆေးအကြောင်း စသည်တို့ကို ကျောင်းသူများနှင့် ကျောင်းသားမိဘများအား ဆွေးနွေးရှင်းလင်းပြောကြားပြီး ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။
အဆိုပါ သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး (အိတ်ချ်ပီဗီ) ကာကွယ်ဆေးအား တောင်ငူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသည့် အသက် (၉)နှစ်ပြည့်ပြီး (၁၂)နှစ်ထက် မကျော်သော (၁-၉-၂၀၁၁) ရက်နေ့မှ (၃၁-၈-၂၀၁၄) နှစ်အတွင်း မွေးဖွားသည့် မိန်းကလေးငယ်များအား စက်တင်ဘာ ၁၈ ရက်နေ့မှ ၂၉ ရက်နေ့အတွင်း အပြီးထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ကိုကို (ပြန်/ဆက်)