ပဲခူး စက်တင်ဘာ ၁၈
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက (၁၀၆)ကြိမ်မြောက် ဘက်စုံသားဖွားဒီပလိုမာ(၂)နှစ်သင်တန်းသူများ၏ ဦးဆောင်းအပ်နှင်းပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်နိုင်ငံတည်ထောင်ရာတွင် ကျန်းမာရေးစောင့်ရှောက်မှုသည် အရေးကြီးသောကဏ္ဍတစ်ခုဖြစ်ပြီး ကိုယ်ဝန်ဆောင်မိခင်ပြုစုစောင့်ရှောက်ရေး၊ မိခင်ရောကလေးပါကျန်းမာစွာ မွေးဖွားနိုင်ရေး၊ မိခင်နှင့်မွေးကင်းစကလေး ကျန်းမာရေးမြှင့်တင်ပေးမှုလုပ်ငန်းအတွက် သားဖွားဆရာမများ၏ အခန်းကဏ္ဍသည် လွန်စွာအရေးပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်း သူနာပြုနှင့်သားဖွားနှီးနွယ်သင်တန်းကျောင်း(၄)ခုရှိပြီး သူနာပြုနှင့် သားဖွားဆရာ/ဆရာမများကို နှစ်စဉ်မွေးထုတ်ပေးလျက်ရှိကာ ပြည်သူလူထုအတွက် ကျန်းမာရေးဝန်ဆောင်မှုများပေးနိုင်ရန် အစွမ်းကုန်ကြိုးပမ်းဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သင်တန်းသူများအနေဖြင့် ဆရာမများမှ သင်ကြားပေးလိုက်သည့် စာတွေ့၊ လက်တွေ့သင်ခန်းစာများကို ကျွမ်းကျင်တတ်မြောက်ကာ လိုက်နာရမည့်အသက်မွေးဝမ်းကြောင်းဆိုင်ရာ ကျင့်ဝတ်များနှင့် သူနာပြုသစ္စာအဓိဌာန်များအား အလေးထားလိုက်နာပြီး ဘက်စုံထူးချွန်သော၊ ပြည်သူအားကိုးရသော သားဖွားဆရာမ ကောင်းများဖြစ်စေရန် ကြိုးစားနေထိုင်ကြစေလိုကြောင်း၊ သင်တန်းပြီးဆုံး၍ မိမိတို့တာဝန်ကျရာ ဒေသများရှိ မိခင်နှင့်မွေးကင်းစကလေးကျန်းမာရေးမြှင့် တင်ပေးခြင်းနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများ၏ တာဝန်ဝတ္တရားများအပြင်ဝါသနာကို အရင်းပြုပြီး စေတနာထားကာ ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက (၂၀၂၃-၂၀၂၄)ပညာသင်နှစ် ဘက်စုံသားဖွား ဒီပလိုမာ(၂)နှစ်သင်တန်း ပထမနှစ်စာမေးပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့သည်။ ၎င်းနောက် ပဲခူးမြို့၊ သားဖွားသင်တန်းကျောင်းအတွက် ငွေကျပ်(၁၀)သိန်း ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် သားဖွားသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးဒေါ်ဌေးဌေးမွန်တို့က သင်တန်းသူလေးများအား သူနာပြုဦးဆောင်းများ အပ်နှင်းပေးခဲ့ကြသည်။ ၎င်းနောက် ကမ္ဘာ့သူနာပြုမိခင်ကြီး မီးအိမ်ရှင်ဖလော်ရင့်(စ)နိုက်တင်ဂေးအား ဂုဏ်ပြုသောအားဖြင့် သင်တန်းသူလေးများက ဖယောင်းတိုင် မီးထွန်းညှိခဲ့ကြကာ သူနာပြုအဓိဌာန်ရွတ်ဆိုခဲ့ကြပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် သင်တန်းသူလေးများက ဂရုဏာအလင်းသီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဆရာမများ၊ သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)