ကြို့ပင်ကောက်မြို့တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကြိုတင်ကာကွယ်ဆေး (HPV) ထိုးနှံခြင်းများဆောင်ရွက်

ကြို့ပင်ကောက် စက်တင်ဘာ ၁၈

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့မှစ၍ အခြေခံပညာကျောင်းများတွင် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ကြို့ပင်ကောက်မြို့တွင် အခြေခံပညာကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို စက်တင်ဘာလ ၁၈ ရက်နေ့မှစ၍ ၂၉ ရက်နေ့အထိ ထိုးနှံပေးသွားမည်ဖြစ်ပြီး ပြည်သူလူထုအခြေပြုထိုးနှံခြင်းကို အောက်တိုဘာလအတွင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျောင်းကျန်းမာရေး တာဝန်ခံဆရာဝန် ဒေါက်တာခိုင်သဉ္ဇာက ပြောသည်။

ကြို့ပင်ကောက်မြို့တွင် အခြေခံပညာကျောင်း ၁၇၁ ကျောင်းမှ ကျောင်းသူ ၂၁၁၃ ဦးအား ကာကွယ်ဆေးထိုးပေးရမည်ဖြစ်ပြီး စက်တင်ဘာလ ၁၈ ရက်နေ့က အခြေခံပညာကျောင်း ၉၃ ကျောင်းမှ ကျောင်းသူ ၁၁၄၄ ဦးအားကာကွယ်ဆေးထိုးနှံပေးခဲ့ပြီဖြစ်ကြောင်း သိရသည်။

ဇေယျာထွန်း (ကြို့ပင်ကောက်)