ကံမ စက်တင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ အမှတ်(၂)ရပ်ကွက် မြို့မအခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက်(၉)နာရီက အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ်မကျော်သော မိန်းခလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV)ထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဝေလင်းဗိုလ်က အဖွင့်အမှာစကားပြောကြားရာတွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံခြင်းနှင့် ကာကွယ်ဆေးထိုးနှံသွားမည့် အစီအစဉ်များအား အကျယ်တဝံ့ရှင်းလင်းပြောကြားခဲ့ပြီး အခြေခံပညာဦးစီးဌာန ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်ဝေယံက ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ထိုနောက် အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ် မကျော်သော မိန်းခလေးငယ် ကျောင်းသူလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့ပြီး ယနေ့မှစတင်၍ (၂၉)ရက်နေ့အထိ အခြေခံပညာမူလတန်းကျောင်းများအား အခြေပြုထိုးနှံပေးသွားမည်ဖြစ်ပြီး ကျောင်းပြင်ပနေ မိန်းခလေးငယ်များပါမကျန် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးမှ သိရသည်။
ကျော်ဇေယျဝင်း(ကံမ)