မြဝတီ စက်တင်ဘာ ၁၈
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ကျောင်းအခြေပြု အသက် ၉ နှစ်ပြည့်ပြီး ၁၁ နှစ်အတွင်း ကျောင်းသူလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းနှင့် အသိပညာပေးရှင်းလင်းပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းခန်းမဆောင်၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးနိုင်ဝင်းက ၂၀၂၃ ခုနှစ်၊ ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုး နှံပေးခြင်းသည်ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးများတွင် သားအိမ်ခေါင်းကင်ဆာရောဂါသည် စတုတ္ထမြောက်အဖြစ်အများဆုံးကင်ဆာဖြစ်၍ သေဆုံးမှုအများဆုံး ရောဂါဖြစ်ပါကြောင်းနှင့် သတ်မှတ် အသက်အုပ်စုအတွင်း ထိုးနှံနိုင်ရေး ဝိုင်းဝန်းကြပ်မတ် ဆောင်ရွက်ပေးစေလိုကြောင်း အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးအေးဖြူက သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV)ထိုးနှံနိုင်ရေးနှင့်စပ်လျဉ်း၍ ကျောင်းအခြေပြုနှင့် ပြည်သူလူထုအခြေပြုပုံစံများဖြင့် ထိုးနှံသွားမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံပေးမည့် အသက်အုပ်စုအနေဖြင့် ၂၀၁၁ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း မွေးဖွားသော အသက် ၉ နှစ်မှ ၁၁ နှစ်အတွင်း မိန်းကလေးများသာ ထိုးနှံပေးမည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားမှု အခြေအနေများ၊ ကာကွယ်ဆေးထိုးနှံမှုနှင့် လွမ်းခြုံမှုအခြေအနေများကို ပရိုဂျက်တာ ဖြင့်ရှင်းလင်းပေးပြီးနောက် တက်ရောက်ကြသည့် ဌာနဆိုင်ရာများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူက ပြန်လည်ဖြေကြားပေးသည်။
အဆိုပါ အသိပညာပေးရှင်းလင်းပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးနိုင်ဝင်း၊ အဖွဲ့ဝင်(၂)ဦးစိန်သောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်လွင်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ဆရာ/ဆရာများ၊ ကျောင်းသူလေးများ တက်ရောက်ကြကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)