မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန၌ စာအုပ်စာပေချစ်မြတ်နိုးသူများ (Book Club) စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်

မြောင်းမြ စက်တင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊  မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် ၁၀:၀၀နာရီက စာအုပ်စာပေချစ်မြတ်နိုးသူများ Book Club အဖွဲ့နှင့် စာရေးသူကြည်နိုင်ရေးသားသည့် ရသစာမွန်ပုံရိပ်စာအုပ်အား စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခဲ့သည်။  အဆိုပါစာဖတ်ဝိုင်းတွင် Book   Club အဖွဲ့နာယက ဆရာကြီး ဦးခင်စိုးက အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စန္ဒာထွန်းက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရည်ရွယ်ချက်ကို  ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ Book Club နာယက စာရေးဆရာ မောင်လှိုင်းသစ်(ချစ်စရာမြေ)က ဇော်ဂျီနဲ့ရသစာတမ်း၊  Book Club ဥက္ကဋ္ဌ ဦးညီညီဌေးက တောင်ပံများစွာနှင့် မောင်လူအေး၊ Book Club အဖွဲ့ဝင် စာရေးဆရာ လရောင်လင်းက ရသစကားပြေ၊ ​Book Club အဖွဲ့ဝင် ဆရာကျော်ရဲအောင်က ဂျာနယ်ကျော်မမလေး၏ သရုပ်မှန်နှင့်သရော်စုတ်ချက် စသည့်ခေါင်းစဥ်တို့ဖြင့် အသီးသီး ဆွေးနွေးကြပြီး၊ တက်ရောက်လာကြသူများက စာအုပ်ပါအကြောင်းအရာများကို ထင်မြင်ယူဆချက်၊ အရေးအသားအသုံးအနှုန်းများ၊ ရည်ရွယ်ချက်များကို ဆွေးနွေးခဲ့သည်။   

မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ၊ လူငယ်များ စာဖတ်ရှိန်မြင့်မားလာပြီး အသိပညာ ဗဟုသုတ ကြွယ်ဝလာစေရန်အတွက် စာဖတ်ဝိုင်း ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ စာအုပ်ပြပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြောင်းမြခရိုင်(ပြန်/ဆက်)