လက်ပံတန်း၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) စတင်ထိုးနှံ

လက်ပံတန်း စက်တင်ဘာ ၁၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ အသက်(၉)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာနှင့် မျိုးပွားလမ်းကြောင်းတွင် ဖြစ်တတ်သော ကင်ဆာရောဂါများကို ကာကွယ်နိုင်ရန်အတွက် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး စတင်ထိုးနှံခြင်းကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က (၃) လက်ပံတန်းတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံခြင်း အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ အဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာတင်ဇော်ဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်ပညာရေးဌာန၊ မြို့နယ်ကြက်ခြေနီအသင်း၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ လူမှုရေးအသင်းအဖွဲ့များမှ ကူညီဆောင်ရွက်လျက်ရှိပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၂၀၇) ကျောင်းမှ အသက်(၉)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသူများအား စက်တင်ဘာ(၁၈)ရက် မှ(၂၉)ရက်အထိ ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)