လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်

လိပ်သို စက်တင်ဘာ ၁၈

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ် စာအုပ်/စာစောင်များကို အခမဲ့ငှါးရမ်းဆောင်ရွက်ပေးလျက်ရှိရာ  ယနေ့နံနက် ၉ နာရီအချိန်က လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌  နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးပြီး  စာအုပ်စာစောင်များကို အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းတွင် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူလေးများအား  အားလပ်ချိန်ကို အကျိုးရှိစွာအသုံးပြုကြရန်၊ ဗဟုသုတတိုးပွားစေရေးအတွက် ကျောင်းစာအပြင် ပြင်ပစာအုပ်စာပေများကိုပါ လေ့လာဖတ်ရှုကြစေရန် စသည့်နယ်လှည့်စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းနှင့် ပတ်သက်၍  အသိပညာပေးရှင်းလင်းပြောကြားပြီးနောက် တိုင်းရင်းသားရုပ်ပုံပြစာအုပ်များ၊ ပုံပြင်စာအုပ်များနှင့် မဂ္ဂဇင်းစာအုပ်များကို အခမဲ့ ငှါးရမ်းပေးခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်  ကျောင်းသား/ ကျောင်းသူလေးများ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် စာအုပ်စာစောင်များကို  လက်ဝယ်အရောက် ငှားရမ်းပေးခြင်းလုပ်ငန်းတို့အပြင်  စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့်  ဒေသနေပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရေးအတွက်  Online  မှတစ်ဆင့်  Talk Show အစီအစဉ်များ ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးခြင်းတို့ကိုလည်း ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)