ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး နှာခေါင်းစည်းများဝေငှ

ကော့သောင်း အောက်တိုဘာ ၁၉

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေဖို့  ကော့သောင်းမြို့မှာ ရောဂါထိန်းချုပ်ရေး လုပ်ငန်း တွေကို ဌာနဆိုင်ရာတာဝန်ရှိသူများ အလေးထား ဆောင်ရွက်နေကြသကဲ့သို့ မြို့ခံလုပ်ငန်းရှင်များ၊ INGO နဲ့ NGO အဖွဲ့များကလည်း ရောဂါထိန်းချုပ်မှု လုပ်ငန်းများ တဖက်တစ်လမ်းက ဝိုင်းဝန်းပူးပေါင်းပါဝင်မှုအဖြစ်  ယမန်နေ့ နံနက်ပိုင်းက မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၊ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖေါင်ဒေးရှင်း (FED) အဖွဲ့နှင့် မိတ်ဖက်အရပ်ဖက် လူမှုအဖွဲ့အစည်းများ ပူးပေါင်းကာ လမ်းထွက် သွားလာနေသည့် မြို့နေပြည်သူများကို ပါစပ်နှာခေါင်းစည်းများ လိုက်လံဝေငှတပ်ဆင် ပေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ဝေငှတွင် မြို့၏အချက်အချာနေရာဖြစ်သည့် ပိတောက်ရွှေဝါရပ်ကွက် အဝိုင်းပတ်လမ်းဆုံ နှင့် ဗိုလ်ချုပ်လမ်းမကြီးပေါ် လမ်းထွက်သွားလာနေကြသည့် ပြည်သူတွေကို နှာခေါင်းစည်း အခု (၅၀၀၀) ကျော်ကို လိုက်လံဝေငှ တပ်ဆင်ပေးခဲ့ကြခြင်းဖြစ်သည်။

လမ်းထွက်သွားလာ နေကြသူအများစုဟာ နှာခေါင်းစည်း တပ်ဆင်ကြသော်လည်း  စည်းကမ်း မလိုက်နာသည့် ပြည်သူတစ်ချို့ကြောင့် ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေဖို့ ကျန်းမာရေး အသိသတိရှိကြဖို့ အပြင်ထွက်တိုင်း နှာခေါင်းစည်းတပ်ဆင်ကြဖို့ အခုလို အသိပညာပေး ပေးတာတွေ၊ ရောဂါကာကွယ်ထိန်းချုပ်ရေး ပညာပေးလက်ကမ်းစာစောင် ဝေငှတာတွေ၊ နှာခေါင်းစည်း မတပ်ဆင်ဘဲ လမ်းထွက်လာသူတွေကို တပ်ဆင်ပေးတဲ့ ရောဂါထိန်းချုပ်မှု လုပ်ငန်းတွေမှာ ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ကြတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အေးအေးအောင်က ပြောကြားခဲ့သည်။

ကျော်စိုး (ကော့သောင်း)