ကြာအင်းဆိပ်ကြီး စက်တင်ဘာ ၁၈
အခြေခံပညာကျောင်းများရှိ ကျောင်းသား/ကျောင်းသူလေးများအား လူကုန်ကူးခံရမှုအန္တရာယ်များမှ သိရှိနားလည် ရှောင်ရှားနိုင်စေရေးအတွက် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းအချိန်က ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ကျင်းပသည်။
အဆိုပါလူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲတွင် ၎င်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဇာခြည်ဝင်းက မိမိတို့ဦးစီးဌာနအနေဖြင့် အများပြည်သူများအား အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များနှင့် ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းဆွေးနွေးပြောကြားသည်။
ထို့နောက်မြို့နယ် ဥပဒေအထောက်အကူပြုအဖွဲ့ရုံးမှ ဥပဒေအကြံပေး ဒေါ်နန်းညွန့်ညွန့်ဆွေက လူကုန်ကူးခံရမှုနှင့် ပတ်သက်၍ သိရှိရမည့်အခြေအနေများ လူကုန်ကူးသူများ၏ အခြေအနေနှင့်အနေအထားများ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များနှင့် ဥပဒေဆိုင်ရာ ပြစ်မှု/ပြစ်ဒဏ်များနှင့် ပတ်သက်၍ ကျောင်းသား/ကျောင်းသူလေးများအား သိရှိနားလည်နိုင်စေရေးအတွက် ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
မျိုးမင်းဦး