မိုးညို စက်တင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ် မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အ.ထ.က(မိုးညို) သရဖူခန်းမဆောင်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသိန်းသန်းစိုးနှင့် မြို့နယ်ပညာရေးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စန္ဒာအေးတို့က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုးက သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားမှုအခြေအနေ၊ သားအိမ်ခေါင်းကင်ဆာရောဂါလက္ခဏာများ၊ ရောဂါကာကွယ်ခြင်းနှင့်ကုသခြင်းဆိုင်ရာများ၊ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အ.ထ.က(မိုးညို)မှ ကျောင်းအုပ်ဆရာမကြီ ဒေါ်စန်းစန်းထွေးက ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံခြင်းအခမ်းအနားကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသိန်းသန်းစိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးဝင်း၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံပေးရာ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး ကျန်းမာရေးဌာနဝန်ထမ်းများနှင့်အတူ မြို့နယ်ပညာရေးဌာန၊ မြို့နယ်ကြက်ခြေနီအသင်း၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ လူမှုရေးအသင်းအဖွဲ့များမှ ကူညီဆောင်ရွက်လျက်ရှိပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၆၆) ကျောင်းမှ ကျောင်းသူ (၂၉၄၅) ဦးအား စက်တင်ဘာ (၁၈) ရက်မှ (၂၉) ရက်အထိ ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)