မြို့သစ် စက်တင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးရုံးမှ တာဝန်ရှိသူများက ယမန်နေ့နံနက် (၉) နာရီက ဓာတ်အားကြိုးနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းပေးမှုကြောင့် မြို့သစ်မြို့ပေါ်နှင့် မြိူ့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၅၂) အုပ်စုမှ လျှပ်စစ်ဓာတ်အားသုံးစွဲသည့် ဒေသခံပြည်သူများ လျှပ်စစ်ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ပြီဖြစ်ကြောင်း သိရသည်။
သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းရာ၌ (၃၃/၁၁)ကေဗွီ၊ (၁၀)ကေဗွီအေမြို့သစ်မြို့၊ ကံကြီးဓာတ်အားခွဲရုံမှ ဓါတ်အားပို့လွှတ်ထားသော (၁၁) ကေဗွီ ဓါတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းပေးခြင်းဖြစ်ကြောင်းနှင့် သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းပေးခြင်းကြောင့် မြို့သစ်မြို့နယ်အတွင်းရှိ မြို့ပေါ်(၅)ပ်ကွက်နှင့် လျှပ်စစ်ဓာတ်အားသုံးစွဲသည့် ကျေးရွာနေပြည်သူများ ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ပြီဖြစ်ကြောင်း သိရသည်။
မြို့သစ်မြို့နယ်၊ လျှပ်စစ်မန်နေဂျာရုံးအနေဖြင့် ဓာတ်အားကြိုးများနှင့် မလွတ်ကင်းသည့် သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းများအပြင် ပြည်သူများ လျှပ်စစ်အန္တရာယ်မရှိစေရေး၊ ဓာတ်အားလေလွင့်ဆုံးရှုံးမှု မရှိစေရေး၊ လျှပ်စစ်ဓာတ်တိုင်များနှင့် လျော့ကျနေသည့် ဓာတ်အားကြိုးများ၏ အတင်း/ အလျော့ချိန်ညှိခြင်းများကို စဉ်ဆက်မပြတ်ပြန်လည်ပြုပြင် ပေးလျက်ရှိကြောင်း သိရသည်။
သန်းဝင်းထွန်း ( ပြန် / ဆက်)