ဂန့်ဂေါ စက်တင်ဘာ ၁၈
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဂန့်ဂေါမြို့နယ်ရုံးမှ ဝန်ထမ်းများသည် ပန်းခင်းစီမံချက်(၂)ဖြင့် ယနေ့နံနက်ပိုင်းအချိန်က ဂန့်ဂေါမြို့၊ မြို့မရပ်ကွက်ရှိ အ.ထ.က (မြို့မ) ကျောင်းသို့ ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီးဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပန်းခင်းစီမံချက်(၂)ဖြင့် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရေး၊ နိုင်ငံသားဂုဏ်သိက္ခာနှင့်အညီ နေထိုင်ရေးအတွက် ပြည်သူအားလုံး၏ လက်ဝယ်ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ကို ကိုင်ဆောင်နိုင်ရေး ကျောင်းသား/သူများကို ကွင်းဆင်းဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဂန့်ဂေါမြို့နယ်ဦးစီးမှူး ဦးမင်းစိန်ဦးက ပြောကြားသည်။
အဆိုပါ ပန်းခင်းစီမံချက်(၂)ဖြင့် အ.ထ.က(မြို့မ)ကျောင်းမှ Grade(7)မှ Grade(11)အထိ ကျောင်းသား(၃၈)ဦးနှင့် ကျောင်းသူ(၄၇)ဦး စုစုပေါင်း(၈၅)ဦးတို့ကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ခင်းပြီးဆောင်ရွက်ပေးခဲ့ကြောင်းနှင့် မြို့ပေါ်ရှိ စာသင်ကျောင်းများသို့လည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)