ပွင့်ဖြူ စက်တင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေဖြင့် မိုးစပါးသီးနှံ လျာထားဧက ပြည့်မီစေရေးအတွက် ဇူလိုင်လဆန်းကစပြီး ကြိုးပမ်းစိုက်ပျိုးခဲ့ရာ ယနေ့အထိ မိုးစပါးသီးနှံ ခြောက်သောင်းကျော် စိုက်ပျိုးဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကာ သတ်မှတ်လျာထား ဧကထက် ကျော်လွန်စိုက်ပျိုးပြီးစီးရေးအတွက် ဒေသခံ တောင်သူများက ဆက်လက်ကြိုးပမ်း စိုက်ပျိုးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံစေရေးအတွက် မိုးစပါးသီးနှံ စိုက်ဧက (၆၉၉၄၃) ဧက လျာထား စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပြီး ဒေသခံတောင်သူများက သတ်မှတ်လျာထားဧက ပြည့်မီအောင် စိုက်ပျိုးပြီးစီးစေရေး မဲဇလီရေလွှဲဆည်ရေဖြင့် ဇူလိုင်လဆန်းကစပြီး မိမိတို့၏ လယ်ယာမြေများအား တောင်သူလုပ်ငန်းသုံး ကျွဲ၊ နွားများကို အသုံးပြု၍ စိုက်ပျိုးမှုများရှိသလို အချို့တောင်သူများက လယ်ယာသုံး စက်ကိရိယာများကို အသုံးပြု၍ ကြိုးပမ်းစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ဒေသခံတောင်သူများ မိုးစပါးနှင့် အခြားမိုးသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့မှ တစ်ဆင့် ဒေသခံတောင်သူများ၏ စိုက်ပျိုးလယ်ယာမြေများအရောက် စနစ်တကျ ဖြန့်ဝေပေးလျက်ရှိကြောင်းလည်း သိရသည်။
“ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ဒေသခံတောင်သူတွေ သီးနှံဝင်ငွေတိုးပွားရေးနှင့် ဆန်စပါး စားနပ်ရိက္ခာဖူလုံ ပိုလျှံစေရေးအတွက် တစ်မြို့နယ်လုံး မိုးစပါးသီးနှံဧက (၆၉၉၄၃) ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမှာဖြစ်ပြီး ယနေ့အထိ မိုးစပါးစိုက်ဧက (၆၆၃၅၃) ဧက စိုက်ပျိုးပြီးစီးပြီ ဖြစ်ပါတယ်။ ယခုနှစ် မိုးစပါးစိုက်ပျိုးခြင်းကိုတော့ ဇူလိုင်လဆန်းကစပြီး ဒေသခံတောင်သူတွေက မဲဇလီရေလွှဲဆည်ရေနဲ့ စိုက်ပျိုးဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။ မိုးစပါးသီးနှံစိုက်ပျိုးရာမှာလဲ တောင်သူတစ်ဦးချင်းအလိုက် သီးနှံအထွက်နှုန်း တိုးတက်စေဖို့အတွက် ဝန်ထမ်းများက သက်ဆိုင်ရာနယ်မြေအလိုက် တောင်သူတွေကို ကွင်းဆင်း ကြီးကြပ်ပြီးတော့ မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးဖို့၊ စိုက်နည်းစနစ်နဲ့ သွင်းအားစု ပစ္စည်းသုံးစွဲနည်းစနစ်တွေ မှန်ကန်စွာ အသုံးချ ဆောင်ရွက်နိုင်ဖို့အတွက် တောင်သူအသိပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးထားပါတယ်။ ဒေသခံတောင်သူတွေ အများဆုံးစိုက်ပျိုးတဲ့ စပါးမျိုးတွေကတော့ ဧရာမင်း၊ ရတနာတိုး၊ မနောသုခ၊ ဆင်းသုခ၊ ဧရာပဒေသာ၊ ပေါ်ဆန်းရင်၊ ပခန်းရွှေဝါ၊ ချမ်းမြေ့မေ၊ ဆင်းသိင်္ဂီစတဲ့ စပါးမျိုးတွေကို အများဆုံး စိုက်ပျိုးကြပါတယ်။ ပွင့်ဖြူမြို့နယ်ဟာ စိုက်ပျိုးရေ အဆင်ပြေတဲ့အပြင် ရာသီဥတုလည်း မျှတကောင်းမွန်တဲ့အတွက် မိုးစပါးသီးနှံ စိုက်ပျိုးရေးလုပ်ငန်းက အောင်မြင် ဖြစ်ထွန်းမှုရှိပါတယ်” ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် ဒေသတွင်း ဆန်စပါး စားနပ်ရိက္ခာ ဖူလုံပိုလျှံစေရန်နှင့် သီးနှံဝင်ငွေ တိုးပွားစေရန်အတွက် နှစ်စဉ် မိုးသီးနှံစိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲဆည်ရေဖြင့် မိုးစပါး၊ ဖူးစားပြောင်း၊ နှံစားပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ဝါသီးနှံ၊ ပဲမျိုးစုံသီးနှံနှင့် အခြား စားဖိုဆောင်သီးနှံမျိုးစုံတို့ကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်းသိရပြီး ယခုလက်ရှိတွင် ဒေသခံတောင်သူများက မိုးစပါးသီးနှံစိုက်ပျိုးခြင်းကို စက်တင်ဘာလကုန်အပြီး စိုက်ပျိုးသွားမည်ဖြစ်ကာ သတ်မှတ်လျာထားဧကထက် ပိုမိုကျော်လွန်စိုက်ပျိုးပြီးစီးနိုင်ရေးအတွက် ကြိုးပမ်းစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )