မြို့သစ် စက်တင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိ အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော မိန်းကလေးငယ်များအားမြို့နယ်အဆင့် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးစတင်ထိုးနှံခြင်းလုပ်ငန်းဖွင့်ပွဲကို ယနေ့နံနက် (၁၀) နာရီက အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း “ရတနာ” ခန်းမဆောင်၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းထက်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မျိုးဇော်က သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံရခြင်းနှင့်ပတ်သက်၍ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ကုသခြင်း၊ ရောဂါကူးစက်ခြင်း ဆိုင်ရာလက္ခဏာများ၊ ကာကွယ်ထိုးနှံပေးသွားမည့် အစီအစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာသင်ကြားနေသည့် အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော မိန်းကလေးငယ် များအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) (တစ်ကြိမ်) ထိုးနှံခြင်းအား စတင်ထိုးနှံပေးလျက်ရှိပြီး သတ်မှတ်ရက်အတွင်းအပြီး ဆောင်ရွက်သွားမှာဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဌာနက သိရသည်။
သန်းဝင်းထွန်း ( ပြန် /ဆက်)