မင်းလှ စက်တင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ကျန်းမာရေးဦးစီးဌာနက ကျောင်းအခြေပြုအသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သည့် ကျောင်းသူမိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) စတင်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီချိန်က အ.ထ.ကမင်းလှ(မြို့တွင်း)ကျောင်း၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ဆရာဝန်ကြီးဒေါက်တာလှဝင်းက ဆေးထိုးနှံမည့်ကျောင်းသူလေးများနှင့် အုပ်ထိန်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှ အရည်အသွေးမီအသိအမှတ်ပြုကြောင်းရထားပြီး နိုင်ငံတကာသုတေသနပြုချက်များအရ ဘေးကင်းစိတ်ချရသည့် ကာကွယ်ဆေးဖြစ်ကြောင်း၊ မိန်းကလေးငယ်များတွင် တစ်ကြိမ်ထိုးနှံခြင်းအားဖြင့် HPV ဗိုင်းရပ်ပိုးကြောင့်ဖြစ်ပွားနိုင်သည့် သားအိမ်ခေါင်းကင်ဆာရောဂါအပါအဝင် ကင်ဆာရောဂါများကိုထိရောက်စွာကာကွယ်နိုင်ကြောင်းတို့ကို ပြောကြားသည်။
ထို့နောက် မြို့နယ်ဆရာဝန်ကြီးနှင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ/ဆရာမများပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ သြဂုတ်လမှစတင်၍ (၁-၉-၂၀၁၁)ရက်မှ (၃၁-၈-၂၀၁၄)ရက်အတွင်း မွေးဖွားသူအသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သည့် ကျောင်းသူ(၇၁)ဦးအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ထိုးနှံပေးခဲ့၍ ဆေးထိုးပြီးစီးခြင်းမှတ်တမ်းကတ်ပြားများပေးအပ်ခဲ့သည်။
မင်းလှမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၁၅၉)ကျောင်းမှ ကျောင်းသူမိန်းကလေး(၁၇၄၀)ဦးအား စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျောင်းအခြေပြုထိုးနှံပေးမည်ဖြစ်ကြောင်း၊ ပြည်သူလူထုအခြေပြုထိုးနှံပေးခြင်းကို အောက်တိုဘာလ ၁၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
ပေါက်စ(မင်းလှ)