စကုမြို့ အားကစားကော်မတီ မိုးရာသီဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

မင်းဘူး စက်တင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း၌ စိတ်ဓာတ်၊ စည်းကမ်းပြည့်ဝသည့် အနာဂါတ်လူငယ်အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်အတွက် စကုမြို့ အားကစားကော်မတီမှ ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ်၊ မိုးရာသီဖလား အသက်(၂၅)နှစ်နှင့်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုပေးပွဲအခမ်းအနားကို စက်တင်ဘာ ၁၆ ရက် (ယမန်နေ့) ညနေ ၃ နာရီအချိန်က စကုမြို့မ အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲတွင် ဗိုလ်လုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားနေမှုကို မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်၊ စကုမြို့ အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နှစ်ဖက်အသင်းမှ ဘောလုံးအားကစားဝါသနာရှင် ပရိတ်သတ်များက တစ်ခဲနက် ပျော်ရွှင်စွာ လာရောက်အားပေး ကြည့်ရှုခဲ့ကြသည်။

စကုမြို့ အားကစားကော်မတီမှ ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ်၊ အသက်(၂၅)နှစ်နှင့်အောက် မိုးရာသီဖလား အမျိုးသားဘောလုံးပြိုင်ပွဲတွင် မင်းဘူး(စကု)မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများမှ ပြိုင်ပွဲအသင်းပေါင်း(၁၆)သင်းဖြင့် အုပ်စု(၄)အုပ်စုခွဲ၍ အုပ်စုပတ်လည်ပြိုင်ပွဲများ၊ ကွာတားဖိုင်နယ်ပွဲစဉ်များနှင့် ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဩဂုတ်လ ၁၃ ရက်မှ စက်တင်ဘာလ ၁၃ ရက် နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီးနောက် ဖိုင်နယ် ဗိုလ်လုပွဲစဉ်အဖြစ် စက်တင်ဘာလ ၁၆ ရက်နေ့က စကုမြို့ အမှတ်(၂)ဘောလုံးအသင်းနှင့် သမထီးကျေးရွာဘောလုံးအသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင် ကစားကြရာ သမထီးကျေးရွာဘောလုံးအသင်းက စကုမြို့အမှတ်(၂)ဘောလုံးအသင်းကို (၅ - ၀) ဂိုး ဖြင့် အနိုင်ရ ဗိုလ်ဆွဲခဲ့ကြောင်း သိရသည်။

ထို့နောက် ပြိုင်ပွဲအပြီးတွင် ဆုပေးအပ်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပထမဆုရရှိခဲ့သည့် သမထီးကျေးရွာဘောလုံးအသင်းနှင့် ဒုတိယဆုရရှိခဲ့သည့် စကုမြို့အမှတ်(၂)ဘောလုံး အသင်းတို့အပြင် ပြိုင်ပွဲတစ်လျောက် တစ်ဦးချင်း အကောင်းဆုံးကစားသမားဆုများ၊ အသင်းလိုက် အကောင်းဆုံးဆုများ၊ အတိုးတက်ဆုံးအသင်းလိုက်ဆု၊ တစ်ဦးချင်းဆုနှင့် ဘောလုံးပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသည့် အဖွဲ့အစည်းများအားလုံးကို မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လည်ဆွဲ၊ ဆုတံဆိပ်၊ ငွေသားများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)