ပွင့်ဖြူမြို့နယ်၌ ပြည်သူများ စားသောက်ရေး အဆင်ပြေစေရန် သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ဆက်လက်ဖြန့်ဖြူးရောင်းချ

ပွင့်ဖြူ စက်တင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများ စားသောက်ရေး အဆင်ပြေစေရန်နှင့် ဒေသတွင်း စားသုံးဆီ ဈေးနှုန်းတည်ငြိမ်မှုရှိစေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအဖွဲ့က မြို့နယ်ဆီလုပ်ငန်ရှင်းများအဖွဲ့နှင့် ပူးပေါင်းကာ ယမန်နေ့က စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဒေသခံပြည်သူများ စားသောက်ရေးအဆင်ပြေစေရန်အတွက် စားအုန်းဆီများကို သက်သာသော ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးနိုင်ရန်အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပေါင်းစပ်ညှိနှိုင်းပေးမှုဖြင့် မြန်မာနိုင်ငံဆီလုပ်ငန်းရှင်များနှင့် ဆီကုန်သည်များအသင်းက သက်ဆိုင်ရာဒေသရှိ ဆီလုပ်ငန်းရှင်များနှင့် ဆီကုန်သည်များ အဖွဲ့နှင့်ပူးပေါင်းပြီး စားသုံးဆီဈေးနှုန်း တည်ငြိမ်မှုရှိလာစေရန် ယခုကဲ့သို့ ဖြန့်ဖြူးရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။ ယမန်နေ့က တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်သော ဌာနဆိုင်ရာ တာဝန်ရှိသူများက မြို့နယ်ဆီလုပ်ငန်းရှင်များအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ဒေသခံပြည်သူများ  သက်သာသော ဈေးနှုန်းဖြင့် စားအုန်းဆီ အဆင်ပြေစွာ ဝယ်ယူနိုင်ရေး ပွင့်ဖြူမြို့နယ် စံပြကျေးရွာရှိ ကိုနိုင်လင်းအောင်ကုန်စုံဆိုင်၊ မြို့ပတ်လမ်းပေါ်ရှိ မကျီးစင်ကုန်စုံဆိုင်နှင့် ကံ့ကော်လမ်းပေါ်ရှိ ဒေါ်ရင်ရွှေကုန်စုံဆိုင်၊ ဒေါ်အေးသီတာ (ပင်လောင်း) ကုန်စုံဆိုင်၊ ဒေလီရာလမ်းပေါ်ရှိ ကိုစိုးမိုးအောင် ကုန်စုံဆိုင်၊ ကိုအောင်-မသီကုန်စုံဆိုင်နှင့် မြို့မဈေးရှိ ဒေါ်သွယ်သွယ် ကုန်စုံဆိုင်တို့တွင် ယာယီအရောင်းဆိုင်ဖွင့်လှစ်၍ စားသုံးဆီ(စားအုန်းဆီ)တစ်ပိဿာ ငွေကျပ် (၅၀၀၀) ဈေးနှုန်းဖြင့် လူတစ်ဦးလျှင် စားသုံးဆီ (၅၀) ကျပ်သားနှုန်း ရောင်းချပေးခဲ့ရာ စုစုပေါင်း စားအုန်းဆီပိဿာချိန် (၁၅၄၀) အား စနစ်တကျ ရောင်းချပေးခဲ့ကြောင်း သိရသည်။ အဆိုပါ စားသုံးဆီများကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးသဖြင့် ဒေသခံပြည်သူများက ဝမ်းသာပျော်ရွှင်လျက်ရှိနေကြကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ဒေသတွင်းရှိ ပြည်သူများ စားသောက်ရေး အဆင်ပြေစေရန်အတွက် ယခုကဲ့သို့ စားသုံးဆီများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည့်အပြင် အခြေခံစားသောက်ကုန် များကို သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက်ကိုလည်း မြို့ပေါ်ရှိ စားသောက်ကုန် ပစ္စည်းအရောင်းဆိုင်များကို ကွင်းဆင်းကြီးကြပ်၍ အခြေခံစားကုန်ပစ္စည်းများကို ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေး အသိပညာပေးခြင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများအဖွဲ့က ယာယီအရောင်းဆိုင်ဖွင့်လှစ်၍ ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက် အစရှိသည့် အခြေခံစားသောက်ကုန်ပစ္စည်းများကို သက်သာသောဈေးနှုန်းဖြင့် စဉ်ဆက်မပြတ် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်ထံက သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )