အထက်မင်းလှ စက်တင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်း အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းနေအရွယ်အမျိုးသမီးငယ်များအား ကျောင်းအခြေပြု မြို့နယ်အဆင့် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး(HPV) စတင်ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က မင်းလှအခြေခံပညာအထက်တန်းကျောင်း မင်းလက်ဝါးခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစန်းစန်းမိုးက ကျောင်းအခြေပြု အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းနေအရွယ် အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေးမည့် အစီအစဉ်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် မင်းလှအခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၆) အခြေခံပညာမူလတန်းကျောင်းမှ အသက်(၉)နှစ်ပြည့်ပြီး(၁၂)နှစ်မကျော်သော ကျောင်းနေအရွယ် အမျိုးသမီးငယ်များအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစန်းစန်းမိုးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ မြို့နယ်ကြက်ခြေနီအသင်းအဖွဲ့ဝင်များက ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိသည်။
မင်းလှမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို (၁.၉.၂၀၁၁)မှ (၃၁.၈.၂၀၁၄)တွင် မွေးဖွားသော ကျောင်းနေအရွယ်ကျောင်းသူ(၂၈၄၃)ဦးကို ထိုးနှံပေးသွားမည်ဖြစ်ပြီး ပထမအဆင့်အနေဖြင့် ကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံခြင်းကို (၁၈.၉.၂၀၂၃)ရက်နေ့မှ (၂၉.၉.၂၀၂၃)ရက်နေ့အထိလည်းကောင်း၊ ဒုတိယအဆင့်အနေဖြင့် ပြည်သူလူထုအခြေပြု ကာကွယ်ဆေးထိုးနှံခြင်းကို (၁၆.၁၀.၂၀၂၃)ရက်နေ့မှ (၂၇.၁၀.၂၀၂၃)ရက်နေ့အထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဇာဇာ(အထက်မင်းလှ)