မြို့နယ်အဆင့်HPVလုပ်ငန်းညှိနှိုင်းအခမ်းအနားနှင့် ကာကွယ်ဆေးထိုးနှံပေးမှုအား ဆင်ပေါင်ဝဲမြို့၌ ကျင်းပ

ဆင်ပေါင်ဝဲ စက်တင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ မြို့နယ်အဆင့် HPV လုပ်ငန်းညှိနှိုင်းအခမ်းအနားနှင့် ကာကွယ်ဆေးထိုးနှံပေးမှုအား ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချန်ဖီယာန်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီက သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)အကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီမှ တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများကို လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများက အဆိုပါကျောင်းရှိ အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ်မကျော်သော မိန်းခလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံ၍ အခမဲ့အားဆေးများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)