ပွင့်ဖြူ စက်တင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုးရေအတွက် အဓိကမှီခိုအားထားရသည့် ကြီးအုံကြီးဝတမံသည် ယမန်နေ့က မိုးရွာသွန်းမှုကြောင့် တမံအတွင်း မိုးရေဝင်ရောက်မှုတိုးလာခဲ့ကြောင်း သိရကာ ယနေ့နံနက် ၆ နာရီအချိန်တိုင်းထွာရာ၌ တမံရေပြည့်မှတ်ဖြစ်သည့် ၃၄၀ အထက် တမံရေပိုလွှဲမှ ၄ ဒသမ ၇ ပေခန့် ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း အဆိုပါ ကြီးအုံကြီးဝတမံမှ တာဝန်ခံ(AE) ဦးစိုးတင့်ထံက သိရသည်။
ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံသည် ယမန်နေ့က မိုးရွာသွန်းမှုကြောင့် တမံအတွင်း မိုးရေဝင်ရောက်ခဲ့၍ တမံရေပြည့် အမှတ်ဖြစ်သည့် ၃၄၀ ပေ အထက် ၄ ဒသမ ၇ ပေခန့် ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း၊ ထိုသို့ တမံရေပိုလွှဲမှရေကျော်ကျမှုရှိသော်လည်း ပြည်သူများအတွက် စိုးရိမ်စရာအခြေအနေမရှိကြောင်းနှင့် တမံရေပိုလွှဲနှင့် ဆက်စပ်အဆောက်အအုံများ ကြံ့ခိုင်ကောင်းမွန်လျက်ရှိကြောင်း သိရသည်။ တမံရေပိုလွှဲမှ ရေကျော်ကျမှုနှင့်ပတ်သက်ပြီး သဘာဝဘေး အန္တရာယ်ကင်းဝေးစေရေးစီမံချက်အရ ဝန်ထမ်းများက ရေကင်းတာဝန် စောင့်ကြပ်စစ်ဆေးပြီး နေ့စဉ်တမံအတွင်း မိုးရေဝင်ရောက်မှုအခြေအနေကို တမံအောက်ဘက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ သိရှိနိုင်ရန် ကြိုတင်အသိပေးနှိုးဆော်ခြင်းများကို ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ ကြီးအုံကြီးဝတမံသည် မင်းဘူးခရိုင်အတွင်း ဆည်ရေအများဆုံး သိုလှောင်ထားနိုင်သည့် တမံတစ်ခုဖြစ်ကာ တမံအတွင်း မိုးရေဝင်ရောက်မှုတိုးလာသဖြင့် ရေအားလျှပ်စစ်စက်ရုံမှ ၂၄ နာရီ စက်လည်ပတ်ထားရှိပြီး ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားများကိုလည်း မဟာဓာတ်အားလိုင်သို့ ပို့လွှတ်ကာ ပြည်သူလူထု လျှပ်စစ်မီးသုံးစွဲနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထို့အပြင် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ(နွေ၊ မိုး၊ ဆောင်း) သီးနှံများ အဆင်ပြေစွာစိုက်ပျိုးနိုင်ရေးအတွက် မဲဇလီရေလွှဲဆည်သို့ ရေများပို့လွှတ်ကာ ဆည်ရေသောက်ဧရိယာအတွင်းရှိ သီးနှံစိုက်ခင်းများကို စိုက်ပျိုးရေနှင့် သီးနှံအောင်ရေ အလုံအလောက်ရရှိအောင် ဖြန့်ဝေဆောင်ရွက်ပေးနေသဖြင့် ဒေသခံ တောင်သူများ၏ စိုက်ပျိုးရေလုပ်ငန်းအတွက် အကျိုးပြုပေးလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ )