မိုင်းယောင်း စက်တင်ဘာ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့ ကျက်သရေဆောင် ဟိုခုံပရိယတ္တိစာသင်တိုက်၌ ယမန်နေ့ညနေ ၃ နာရီက ဒုတိယအကြိမ် ဝါတွင်းကာလ ဆွမ်း၊ ဆန်၊ ဆီများ လှူဒါန်းပွဲအခမ်းအနားကို ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက် ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဂန္ဓရသဝံသောထံမှ ငါးပါးသီလခံယူဆောက်တည်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့် ဇနီး ဒေါ်အေးအေးနွယ်တို့က ဆွမ်း၊ ဆန်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိုင်းခမ်းလူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဂေါပကအဖွဲ့နှင့် အခမ်းအနားတက်ရောက် လာသူများက ဆွမ်း၊ ဆန်၊ ဆီ နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
မိုင်းယောင်းမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်၏စီမံမှုဖြင့် ခရိုင်၊ မြို့မိမြို့ဖများ၊ မြို့နယ်ဂေါပက အဖွဲ့များမှ ဦးဆောင်ပြီး ဝါတွင်းကာလဒါနအဖြစ် ဆွမ်း၊ ဆန်၊ ဆီများကို မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ လှူဒါန်း လျက်ရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း