ညောင်လေးပင် စက်တင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်စာရေးဆရာအသင်းမှ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံစာရေးဆရာအသင်း (ဗဟို) အမှုဆောင်နှင့် မြို့နယ်စာရေးဆရာအသင်း (နာယက) ဒေါက်တာမြင့်သန်း (ညောင်လေးပင်) က အဖွင့်အမှာစကားပြောကြားပြီး သက်ကြီးစာရေးဆရာ၊ ဆရာမများအား ပူဇော်ကန်တော့ပွဲ ပြုလုပ်နိုင်ရေး ဝိုင်းဝန်းကူညီကြရန် ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးစိုးဝင်း (မောင်စုမြင်-ညောင်လေးပင်) က ကဗျာ၊ မဂ္ဂဇင်း၊ ဝတ္ထုတိုများရေးသား၍ စာအုပ်ထုတ်ဝေနိုင်ရေး ဆွေးနွေးပြောကြားခဲ့သည်။
၎င်းနောက် တက်ရောက်လာသော စာရေးဆရာအသင်းအဖွဲ့ဝင်များမှ အသီးသီးဆွေးနွေးသွားခဲ့ကြပြီး မြန်မာနိုင်ငံစာရေးဆရာအသင်း (ဗဟို) အမှုဆောင်နှင့် မြို့နယ်စာရေးဆရာအသင်း (နာယက) ဒေါက်တာမြင့်သန်း (ညောင်လေးပင်) မှ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။
ထိုနောက် တတ်ရောက်လာကြသော စာရေးဆရာအသင်းအဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များမှ သိရှိလိုသည်များအား အပြန်အလှန် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်ဆက်)