ပန်းတနော် စက်တင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့် မြန်မာနိုင်ငံစာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသော စာပေနှင့်သတင်းမီဒီယာဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (ပန်းတနော်) ရွှေနော်သီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအဖွဲ့ အတွင်းရေးမှူးဦးအောင်ပြည့်စုံမှ သတင်းသမားများ လိုက်နာရမည့်ကျင့်ဝတ်များ၊ သတင်းမီဒီယာ ဥပဒေနည်းဥပဒေဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောခဲ့ပြီး မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအဖွဲ့ဝင် စာရေးဆရာမောင်ချိုဝေဝေနှင့် မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)တို့မှ စာပေနှင့် သတင်းမီဒီယာဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် မြန်မာနိုင်ငံစာရေးဆရာအသင်းအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်အတွင်းရှိ စာရေးဆရာအသင်းအဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များ၊ သတင်းမီဒီယာအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ဆက်)