လေးမျက်နှာ အောက်တိုဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီအချိန်ကလေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။
ရှေးဦးစွာ လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်ထွန်း က ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ လမ်းညွှန်ချက်များနှင့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊ နိုင်ငံရေးပါတီများနှင့် မဲဆန္ဒရှင် ပြည်သူများ ပူးပေါင်ဆောင်ရွက်မှသာ အောင်မြင်မည်ဖြစ်သဖြင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ် များကို သိရှိပြီး ပူးပေါင်းဆောင်ရွက်ကြရန်၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူး သင်တန်းများကို ကိုဗစ်-၁၉ ညွှန်ကြားချက်နှင့်အညီ ဖွင့်လှစ်သွား နိုင်ရေးတို့အား ပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်ကြင်ဌေးက မြို့နယ်အတွင်းရှိ အသက်(၆၀) နှစ်အထက်နှင့် နာမကျန်းသူများ ကြိုတင်ဆန္ဒမဲ ပေးနိုင်ရေး၊ Quarantine Centre နှင့် Covid-19 Medical Centre များရှိ မဲဆန္ဒနယ်ပြင်ပ မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆန္ဒမဲသက်သေခံ လက်မှတ် ထုတ်ပေးရေးနှင့် ကြိုတင်မဲပေးခြင်းဆိုင်ရာ လုပ်ငန်းများ၊ မဲဆွယ်စည်းရုံးခြင်းနှင့် ပတ်သက်၍ နိုင်ငံရေးပါတီများ လိုက်နာရမည့်အချက် စသည်ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်ကျင်ဌေးက အပြန်အလှန်ရှင်းလင်းဆွေးနွေးပြီး လုပ်ငန်းစဉ်အလိုက် ဆောင်ရွက်ရမည့် သတ်မှတ်ရက်များကို ရှင်းလင်း တင်ပြကာ ဌာနဆိုင်ရာများ အနေဖြင့်လည်း လုပ်ငန်းအောင်မြင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်းတို့ကို ဖြည့်စွက် ဆွေးနွေးခဲ့ သည်။
အဆိုပါ အစည်းအဝေးသို့ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီဝင်များ၊ နိုင်ငံရေးပါတီကိုယ်စားပြု ကိုယ်စားလှယ်များ၊ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)