အယ်နီညိုရာသီဥတုဖြစ်၍ ဆောင်းသီးနှံနှင့် နွေစပါးစိုက်ပျိုးနိုင်ရေး ချောင်းပိတ်/မြောင်းပိတ် လုပ်ငန်းများဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရန်လိုအပ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး စက်တင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအဆင့် စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိုးစပါးစိုက်ပျိုးရာသီကုန်ဆုံးသွားပြီးဖြစ်၍ ကြုံတွေ့ခဲ့ရသည့် အားသာချက်/အားနည်းချက်များအား သုံးသပ်ဆွေးနွေးရန်လိုအပ်ကြောင်း၊ လာမည့်ဆောင်းသီးနှံနှင့် နွေစပါးစိုက်ပျိုးရာသီများအတွက် လိုအပ်သည့်အထွက်တိုး မျိုးကောင်းမျိုးသန့်များ ကြိုတင်စုဆောင်းနိုင်ရေး ချိတ်ဆက်ထားရန်လိုအပ်ကြောင်း၊ လယ်မြေအလိုက် လိုအပ်သည့်သွင်းအားစုအလိုက် အချိုးအစားမှန်ကန်စွာဖြင့် သုံးစွဲနိုင်ရေး အသိပညာပေးရန် လိုအပ်ကြောင်း၊ အယ်နီညိုရာသီဥတုဖြစ်၍ ဆောင်းသီးနှံနှင့် နွေစပါးစိုက်ပျိုးနိုင်ရေး ချောင်းပိတ်/မြောင်းပိတ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင် ထားရန်လိုအပ်ကြောင်းနှင့် Water Use Group များ အဖွဲ့များအနေဖြင့် စိုက်ပျိုးရေများ လေလွင့်မှုမရှိစေရေး စနစ်တကျသုံးစွဲရန် သက်ဆိုင်ရာ မြို့နယ်စိုက်ပျိုးရေး လုပ်ငန်းကြီးကြပ်မှုအဖွဲ့များက အနီးကပ်ကြီးကြပ်ဆောင် ရွက်သွားရန်လိုအပ်ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍနှင့်ပတ်သက်၍ မြေပြင်ကွင်းဆင်း အသိပညာပေးရာတွင် တောင်သူများ နားလည်လွယ်သည့် အသုံးအနှုန်းများဖြင့် သေချာစနစ်တကျ ရှင်းလင်းပြောကြားရန်နှင့် စိုက်ပျိုးရေးနှင့်ပတ်သက်၍ ကျေးရွာများအလိုက် အသိပညာပေးခြင်းများဆောင်ရွက်ရာတွင် အပြန်အလှန် မေးမြန်း/ဖြေကြားခြင်းများလည်း ထည့်သွင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ရေဝင်ရောက်မှုနည်းသည့် တမံများ၏ ဆည်ရေသောက်ဧရိယာများတွင် ရေအနည်းလိုစပါးမျိုးများ ကြိုတင်ဖြန့်ဝေပေးထားရန်လိုအပ်ကြောင်း၊ မင်းလှမြို့နယ်အတွင်း ယခင်ကတစ်နှစ် () သီးသာ စိုက်ပျိုးနိုင်ခဲ့သည့် လယ်ယာမြေ (၁၀၀၀) ဧကတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် တစ်နှစ်()သီး တိုးချဲ့စိုက်ပျိုးနိုင်ရေး စက်ရေတွင်း (၃၀၀) တူးဖော်ဆောင်ရွက်ပေးမည့် အစီအစဉ်အပေါ် ဒုတိယသီးနှံအား ရေ၊ မြေ၊ သဘာဝ၊ ရာသီဥတုနှင့်ကိုက်ညီသည့် သီးနှံများစိုက်ပျိုးနိုင်ရေး မြေပြင်ကွင်းဆင်း အသိပညာပေးရန် လိုအပ်ကြောင်း၊ မွေးမြူရေး ကဏ္ဍနှင့်ပတ်သက်၍ တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ်မွေးမြူနိုင်ရေး လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်းနှင့် ဒေသငါးမျိုးများ မျိုးပွားခြင်းနှင့် မျိုးစိုက်ထည့်ခြင်းလုပ်ငန်းများ အရှိန်အဟုန်အပြတ် ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ဓါတ်မြေဩဇာခွဲဝေရရှိမှုနှင့် ဖြန့်ဝေပေးထားမှု၊ စိုက်ပျိုးစရိတ်ချေးငွေနှင့် သမဝါယမဘဏ်ချေးငွေများ ကောက်ခံရရှိမှု အခြေအနေများအားလည်းကောင်း၊ တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအားလည်းကောင်း အသီးသီးတင်ပြဆွေးနွေးခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့သည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)