ကျောက်တံခါး စက်တင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပညာရေးဌာနနှင့်ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ လူကုန်ကူးမှုတားဆီးရေး လူငယ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက အ-မ-က(လွန်)(ကန်ရွာ)ကျောင်း၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင်ကျောင်းအုပ်ဆရာကြီး ဦးကျော်ဇောဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက လူကုန်ကူးမှုအဓိပ္ပာယ်၊ လူကုန်ကူးမှုနည်းလမ်းများ၊ လူကုန်ကူးရန်ပစ်မှတ်ထားခံရနိုင်သည့်သူများ၊ လူကုန်ကူးမခံရအောင် သိရှိထားရမည့်အချက်များ၊ လူကုန်ကူးခံရပါက ဆက်သွယ်နိုင်မည့်နည်းလမ်းများတို့ကို ဟောပြောသည်။
ဆက်လက်၍ လူကုန်ကူးမှုအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်တို့ကိုပြသရာ ကျောင်းသားကျောင်းသူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)