ဝေါ စက်တင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ အသက်(၉)နှစ်ပြည့်ပြီးအသက်(၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံပေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ဝေါ)၌ ထိုးနှံပေးကြောင်းသိရသည်။
ထို့သို့ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာစုဝေကျော်က (HPV)ကာကွယ်ဆေးကိုပုံမှန် ကာကွယ်ဆေးထိုးအစီအစဉ်တွင် စတင်ထည့်သွင်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း သားအိမ်ခေါင်းကင်ဆာအားလုံးနီးပါးသည် (HPV)ပိုးကြောင့်ဖြစ်ပွားကြောင်း၊ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သောအမျိုးသမီးငယ်များအား (HPV)ကာကွယ်ဆေးထိုးနှံပေးခြင်းဖြင့် (Human Papilloma Virus) ဟုခေါ်သည့် (HPV)ပိုးကြောင့်ဖြစ်တတ်သည့် သားအိမ်ခေါင်းကင်ဆာနှင့် မျိုးပွားလမ်းကြောင်းတွင်ဖြစ်ပွားတတ်သည့် ကင်ဆာရောဂါများကိုကာကွယ်ပေးနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံပေးခြင်းကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဝေါမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူအမျိုးသမီးငယ်များအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)