(၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးမြို့၊ ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့ဝင်များ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ရာသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ကြည့်ရှု

ပဲခူး စက်တင်ဘာ ၁၈

ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် ယမန်နေ့ နံနက်ပိုင်းက (၅၉) နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသန့်ရှင်းရေးပြုလုပ်ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးပြုလုပ်ရာတွင် ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွဋ်၏ဦးဆောင်မှုဖြင့် တိုင်း၊ ခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ တိုင်းအကူရဲတပ်ဖွဲ့၊ ယာဥ်ထိန်းရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့၊ မူးယစ်ရဲတပ်ဖွဲ့၊ လူကုန်တားရဲတပ်ဖွဲ့၊ ကမ္ဘာလှည့်ရဲတပ်ဖွဲ့၊ ရထားရဲတပ်ဖွဲ့ဝင်များ၊ အမှတ်(၁)လုံခြုံရေးရဲတပ်ခွဲ ရဲတပ်ဖွဲ့ဝင်များ စုပေါင်းပြီး ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင်နှင့်ဓမ္မာရုံများတွင် တံမြက်စည်းလှဲခြင်း၊ ဂြိုလ်တိုင်များရှိ ရုပ်ပွားတော်မြတ်များတွင် ရေသပ္ပါယ်ခြင်း၊ ဘုရားပန်းအိုးများဆေးကြောသန့်စင်ပေးခြင်း၊ စေတီတော်အထက်ပစ္စယံတွင် သန့်ရှင်းရေးပြုလုပ်ပြီး ရေညှိများအားရေဆေးချခြင်းများကို စုပေါင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)