မြောင်းမြမြို့ ဆင်ကူးကျေးရွာ အ.ထ.က (ခွဲ)ကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ

မြောင်းမြ  စက်တင်ဘာ  ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ ဆင်ကူးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအသိပညာပေး ဟောပြောပွဲကို လူငယ်ရေးရာကော်မတီဝင်များ ဖြစ်ကြသည့် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ဟောပြောခဲ့ခြင်းဖြစ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်မှူး ဒေါ်စန္ဒာထွန်းက လူငယ်နှင့်အသိပညာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်မှူး ဦးစိုင်းဝေလင်းနောင်က လူငယ်နှင့်အားကစားကြံ့ခိုင်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်မှူး ဦးလှထွဋ်ဦးက လူငယ်နှင့်စားသုံးသူအသိပညာ ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေး ဟောပြောကြကြောင်း သိရသည်။ ဟောပြောပွဲအပြီးတွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားပစ္စည်း ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူသည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အသိပညာပေး နံရံကပ်စာစောင်များ ပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက် (မြောင်းမြ)