လှိုင်းဘွဲ စက်တင်ဘာ ၁၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအချို့တို့တွင် မိုးရွာသွန်းမှုနည်းပါးခဲ့သော်လည်း ဒေါနတောင်တန်း (ဒေသအခေါ်) နော်တရာတောင်ပေါ်နှင့် တောင်ခြေရင်းတို့တွင် မိုးရွားသွန်းမှုများပြားခဲ့သည့်အတွက် တောင်ကျချောင်းရေများ စီးဆင်းလာမှုနှင့်အတူ လှိုင်းဘွဲချောင်းရေမြင့်တက်လာခဲ့သဖြင့် လှိုင်းဘွဲမြို့ပေါ် မြေနိမ့်ပိုင်း ရပ်ကွက်များနှင့် ကျေးရွာတစ်ချို့တွင် ရေဝင်ရောက်မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲချောင်းရေ မြင့်တက်လာမှုကြောင့် လှိုင်းဘွဲမြို့ပေါ် မြေနိမ့်ပိုင်းဖြစ်သောရပ်ကွက်များအတွင်းရှိ လူနေအိမ်ခြံဝင်းအတွင်းနှင့် ရပ်ကွက်အတွင်း လမ်းများတွင် ရေကျော်၊ရေဝင်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ဒေါနတောင်ခြေမှတစ်ဆင့် တောင်ကျ ချောင်းရေများ စီးဆင်းခဲ့မှုတို့ကြောင့် ဒေါ်လန်း၊ ကဇိုင်း၊ ကော့မြတ်ကြီး၊ ဆင်ကူးကမ်းနား၊ ကော့လှိုင်း စသည့် ကျေးရွာများတွင် နေအိမ်နှင့် ကျေးရွာချင်းဆက် လမ်းပိုင်းအချို့ရေကျော်ဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ပြီး နေအိမ်များအနေဖြင့် ပြောင်းရွေ့နေထိုင်ရန် မလိုအပ်သေးကြောင်း အိမ်မွေး ကျွဲ၊ နွား၊ ဝက် စသည့် တိရိစ္ဆာန်များကိုသာ ရေလွတ်ရာကုန်းမြေအချို့တွင် ရွေ့ပြောင်း ပေးထားကြောင်း၊ တောင်ကျချောင်းရေများမှာ ရေတက်မြန်ပြီး ရေပြန်ကျလည်းမြန်ဆန်ကြောင်း ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ထံမှ သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)