မြိတ်မြို့တွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

မြိတ် စက်တင်ဘာ ၁၈

၂၀၂၃ခုနှစ်  ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမတွင် ယမန်နေ့က မြိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူးကျင်းပခဲ့ပြီး ပညာပေးဗီဒီယိုပြသ၍ အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ခြင်းဆိုင်ရာ ဗဟုသုတမေးခွန်းများ မေးမြန်းခြင်း/ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့သည်။

စက်တင်ဘာလ(၁၆)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနားကို  ကမ္ဘာတစ်ဝှမ်း နေရာဒေသအသီးသီး၌  အထိမ်းအမှတ်အခမ်းအနားများကို ကျင်းပခဲ့ကြရာ ယခုနှစ်သည်(၃၆)ကြိမ် မြောက်ရှိခဲ့ပြီဖြစ်ကာ (၂၀၂၃)ခုနှစ်  ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ကို “ရာသီဥတုပြောင်းလဲမှုလျှော့ချရေး  အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ပေး” ဆောင်ပုဒ်ဖြင့် ကမ္ဘာပေါ်ရှိ လူသားများ၊ တိရစ္ဆာန်များနှင့် အပင်များပါ ခံစားနေကြရသည့် ရာသီဥတုပြောင်းလဲမှုဒဏ်ကို လျှော့ချနိုင်ရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အထိမ်းအမှတ်အခမ်းအနား၌ မြိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကြည်လွင်က ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနှင့်  ရာသီဥတုပြောင်းလဲမှုလျှော့ချရေး အကြောင်းအရာများကို ကျောင်းသား/သူများအား အသိပညာပေးဟောပြောပြီး ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ(UNEP) အဖွဲ့တို့၏ သဝဏ်လွှာဗီဒီယိုနှင့်ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ပညာပေးဗီဒီယိုပြသပေးသည်။

ထို့နောက် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်  အိုဇုန်းလွှာထိန်းသိမ်း ကာကွယ်ခြင်းဆိုင်ရာ ဗဟုသုတမေးခွန်းများကို ကျောင်းသား/သူများဖြင့် မြိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မေးမြန်းခြင်း/ဖြေကြားခြင်း ဆောင်ရွက်ခဲ့ကြပြီး ဆုရရှိသော ကျောင်းသား/သူများအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြ၍ အ.ထ.က(၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မွန်မှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)